ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အီရတ် လက်ရွေးစင် လူငယ်ကြယ်ပွင့် ကစားသမားလေး ဇီဒန်း အစ်ဘယ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၁ ယန်းဘွိုင်းပွဲစဉ်မှာ အသင်းအတွက် လူစားဝင် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းကြောင်းမှာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး တောင်အာရှ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပက်ဂျီဆန် ၊ ကာဂါဝါတို့လို အာရှ ကစားသမားတွေ ကစားခဲ့ဖူးပေမယ့် အဆိုပါ ကစားသမားတွေဟာ အာရှရဲ့ တောင်ပိုင်းဒေသခံ ကစားသမားတွေ မဟုတ်တာကြောင့် အစ်ဘယ်က မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပထမဦးဆုံး ကစားခွင့် ရတဲ့ တောင်အာရှ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Planet Football

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဇီဒန်း အစ်ဘယ်ဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့် ပါကစ္စတန်နဲ့ အီရတ်နွယ်ဖွား ဖြစ်တာကြောင့် အီရတ်လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြု ကစားဖို့ ဆုံးဖြတ်ထားသူပါ။

အစ်ဘယ်ဟာ ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် ယူ-၁၈အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရန်းဂ်နစ်ရဲ့ မျက်စိကျမှုကို ခံခဲ့ရကာ အသင်းအတွက် ပထမဦးဆုံးပွဲကို ဝင်ရောက် ကစားခွင့် ရခဲ့တာပါ။

Photo Credit: Planet Football

မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပွဲဦးထွက် ကစားခွင့် ရခဲ့ပြီးနောက် သူ့ရဲ့ ရင်ခုန်သံ စကားတွေကို အစ်ဘယ်က အခုလိုပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အစ်ဘယ်က – “အသင်းအတွက် ပထမဦးဆုံး ကစားပေးနိုင်ခဲ့လို့ ရလာတဲ့ ခံစားချက်က မပြောပြတတ်လောက်အောင် ကောင်းပါတယ်။ ဒီလိုမျိုး အခွင့်အရေး ရလာအောင် ကျွန်တော့်ရဲ့ ဘဝတခုလုံး ကြိုးပမ်းခဲ့တာပါ။ ဒါက အိမ်မက်တွေ အကောင်အထည် ပေါ်လာတာလည်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ဒါက ကောင်းမွန်တဲ့ အစပါ။ နောက်ထပ်လည်း အသင်းအတွက် ပွဲတွေအများကြီး ကစားပေးနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။