နည်းပြ ဇီဒန်းဟာ ကြာသပတေးနေ့ညက လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ ဂီတာဖေးအသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရပြီးနောက် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ အနာဂတ်အကြောင်း အမေးခံရတဲ့ အချိန်မှာ မက်ဆီကို အသင်းမပြောင်းဘဲ လာလီဂါ ပြိုင်ပွဲမှာ ဆက်ရှိစေချင်တယ်လို့ ဖြေခဲ့ပါတယ်။ စပိန်အခြေစိုက် ရေဒီယို သတင်း “Cadena SER” က ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီဟာ နောက်နှစ် (၂၀၂၁) ခုနှစ်မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးသွားပြီ ဆိုရင် ဘာစီလိုနာအသင်းကနေ အပြီးသတ် ထွက်သွားနိုင်ပါတယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဘာစီလိုနာအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လာလီဂါ ပြိုင်ပွဲ မရပ်နားသေးခင်မှာ အဆင့် (၁) နေရာကနေ ဦးဆောင်နေခဲ့ပေမယ့်လည်း လာလီဂါ ပြိုင်ပွဲ ပြန်စတင်တဲ့ အချိန်မှာ အသင်းရဲ့ ရလဒ်ဆိုးရွားလာခဲ့ပြီး လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာကနေ ဆင်းပေးခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ လာလီဂါ ဆုဖလားကို ရရှိနိုင်တဲ့ အခြေအနေကနေ ဆုဖလား ဆုံးရှုံးနိုင်တဲ့ အခြေအနေကို ရောက်သွားခဲ့ပြီး လာလီဂါ လက်ကျန် ပွဲစဉ် (၅) ပွဲသာ ကစားဖို့ လိုအပ်နေတဲ့ အချိန်မှာ အဆင့် (၁) နေရာက ရီးရဲလ်အသင်းနဲ့ ရမှတ် (၄) မှတ် ကွာဟနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ရီးရဲလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရာမို့စ်ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် ဂီတာဖေးအသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ရီးရဲလ် နည်းပြ ဇီဒန်းက မက်ဆီရဲ့ အကြောင်း အမေးခံရတဲ့ အချိန်မှာ မက်ဆီအနေနဲ့ လာလီဂါမှာပဲ ဆက်နေသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ ရီးရဲလ် နည်းပြ ဇီဒန်းက “မက်ဆီရဲ့ အနာဂတ်က ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ အသင်းမပြောင်းဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုရင် သူ ဒီလိဂ်မှာ ရှိနေပြီး ကျွန်တော်တို့က ဒီလိဂ်မှာ အကောင်းဆုံး ကစားသမားကို လိုပါတယ်”လို့ ဖြေခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လာမယ့် (၂၀၂၁) ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းပြောင်းနိုင်တယ် ဆိုတဲ့ သတင်းတွေပဲ ထွက်နေပါတယ်။