ရီးယဲလ် မက်ဒရစ်အသင်း နည်းပြဟောင်းဖြစ်သူ ဇီဒန်းဟာ လက်ရှိမှာတော့ ဆော်ဒီအာရေဗျ လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူ ဆောင်ရွှက်သွားဖို့အတွက် ဆော်ဒီဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ အီတလီ အခြေစိုက် Corriere della Sera သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

တကယ်တော့ ဆော်ဒီအသင်းဟာ နာမည်ကျော် အီတလီ နည်းပြကြီး ရောဘတ်တို မန်စီနီနဲ့ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်ကမှ လက်တွဲထားခဲ့တာဖြစ်ပြီး လက်ရှိ အခြေအနေမှာ မန်စီနီကို ဆော်ဒီအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၀) ကိုင်တွယ်ထားခဲ့ရာ နိုင်ပွဲ (၈)ပွဲသာ ရထားခဲ့ပြီး (၇)ပွဲသရေ (၅)ပွဲရှုံးထားခဲ့ရပါတယ်။

Photo Credit : Le Soir

ဒါ့အပြင် ၂၀၂၃ အာရှဖလားပြိုင်ပွဲမှာလည်း မန်စီနီရဲ့ ဆော်ဒီအသင်းဟာ တောင်ကိုရီးယားကို ရှုံးနိမ့်ပြီး ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ပင် ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အာရှဇုန် တတိယအဆင့် ခြေစစ်ပွဲ (၄)ပွဲမှာလည်း နိုင်ပွဲက (၁)ပွဲတည်းသာ ရထားတဲ့အတွက် အခြေအနေဆိုးနေပါတယ်။

ဒါကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်က မန်စီနီနေရာမှာ နောပ်ထပ် ထိပ်တန်း နည်းပြတစ်ဦးနဲ့ အစားထိုး ခန့်အပ်သွားဖို့အတွက် စီစဉ်လာခဲ့ပြီး လက်ရှိမှာတော့ အသင်းလက်မဲ့ နည်းပြဖြစ်တဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

နည်းပြဘဝမှာ ရီးယဲလ် တစ်သင်းတည်းကိုသာ ကိုင်တွယ်ခဲ့ပြီး ရီးယဲလ်ကိုလည်း ချန်ပီယံလိဂ်ဖလား (၃)ရာသီဆက်တိုက် ရယူပေးနိုင်ခဲ့သူဖြစ်တဲ့ ဇီဒန်းဟာ ရီးယဲလ်နည်းပြအဖြစ် ကာလတို ကိုင်တွယ်ခဲ့ပေမယ့်လည်း အဲ့ဒီအချိန်အတွင်းမှာ ဆုဖလား အောင်မြင်မှုပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အသင်းလက်မဲ့ ဖြစ်သွားတဲ့ နည်းပြဇီဒန်းကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက အပြိုင်အဆိုင် အလိုရှိနေကြပေမယ့် ဇီဒန်းကတော့ အခုအချိန်ထိ သူ့စိတ်တိုင်းကျ အသင်းမျိုး မတွေ့ရသေးတာကြောင့် ကမ်းလှမ်းလာမှုတိုင်းကို ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဇီဒန်းဟာ ဆော်ဒီဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးနေတာမို့ ဒီအခြေအနေက စောင့်ကြည့်ချင်စရာ အနေအထားမျိုး ဖြစ်လာနေပါတယ်။