စပိန်လာလီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ ၂၀၂၀-၂၀၂၁ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် မနေ့ညကပဲ ဆိုစီဒက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပြီး ဂိုးမရှိသရေကျသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရီးရဲလ်ဘက်က အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းက ဆိုစီဒက်မှာပဲ အငှားနဲ့သွားကစားပြီး ခြေစွမ်းပြသနိုုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် အိုဒီဂတ်ဒ်ကိုပါ ထည့်သွင်းအသုံးပြုခဲ့ပေမယ့်လည်း အနိုင်(၃)မှတ်ကို မရယူနိုင်ခဲ့သလို မေးခွန်းထုတ်ချင်စရာ ကစားသမားအပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တဲ့ ရီးရဲလ်ဇီဒန်းပါ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Infinite Madrid

ရီးရဲလ်အသင်းက သွင်းဂိုးတစ်ဂိုးလောက်ရရှိနိုင်ဖို့အတွက် ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာ တိုက်စစ်ကစားသမားတွေကို မဖြစ်မနေ လူစားလဲဖို့ လိုအပ်လာခဲ့ပေမယ့်လည်း နည်းပြဇီဒန်းကတော့ ကတ်စ်မဲလ်ရိုး ဗယ်ဗာဒီနဲ့ အကယ်ဒမီထွက် တောင်ပံကစားသမားလေး မာဗင်တို့ကိုပဲ ထည့်သွင်းခဲ့သလို လေးကြိမ်မြောက် လူစားလဲမှုအဖြစ်နဲ့လည်း နောက်ထပ်လူငယ်လေးဖြစ်တဲ့ အာရီဘတ်စ်တို့ကို ထည့်သွင်းခဲ့ပါတယ်။ တကယ်ဆိုရင် ဇီဒန်းအနေနဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာဂျိုဗစ်နဲ့ မာရိုယယ်တို့ကို လူစားထိုးခဲ့သင့်တာုဖြစ်ပြီး အခုအသင်းက နိုင်ပွဲပါ ပျောက်ဆုံးခဲ့ရတာကြောင့် ပရိသတ်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေကိုပါ ရင်ဆိုင်နေခဲ့ရပါတယ်။

Photo Credit : Marca

ဒီလို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် ရီးရဲလ်နည်းပြဇီဒန်းက “ကျွန်တော်ကတော့ အသင်းရဲ့နည်းစနစ်တွေကို မပြောင်းလဲချင်ဘူး။ ကျွန်တော်တို့အနေနဲ့ ကွင်းရဲ့ ဗဟိုကြောမှာ ကစားတတ်တဲ့ ကစားသမားတွေကို ထည့်သွင်းဖို့ လိုအပ်နေချိန်မှာ တခြားအပြောင်းအလဲတွေကို မလုပ်ဆောင်လိုဘူး။ အသင်းမှာက ကစားသမားတွေက အများကြီးပါပဲ။ ဒီနေ့ကတော့ ဒီရွေးချယ်ချက်ကိုပဲ ကျွန်တော်လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်အနေနဲ့ ဂျိုဗစ် ဒါမှမဟုတ် တခြားကစားသမားတွေနဲ့လည်း ဘာမှပြသာနာဖြစ်ထားတာ မရှိဘူး။ ကျွန်တော်က အသင်းရဲ့ပုံစံကို မပြောင်းလဲပစ်ချင်ဘူး။ ဒါကြောင့်မို့ပဲ တောင်ပံကစားသမားတွေကို လူစားလဲခဲ့ရတာပါ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် တကယ်ကို ကောင်းမွန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်။ ခံစစ်ကနေလည်း ဘာအခွင့်အရေးမှ ပြန်မပေးခဲ့ရဘူး။ အသင်းရဲ့စွမ်းဆောင်ရည်ကတော့ ပထမပိုင်းမှာ ပိုကောင်းမွန်ခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကစားပုံသိပ်မကောင်းခဲ့ဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်တစ်ပတ်မှာလည်း ကစားရခက်နိုင်တဲ့ ဘက်တစ်အသင်းနဲ့ ရင်ဆိုင်ရဦးမှာပဲဖြစ်ပါတယ်။