ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြဖြစ်သူဇီဒန်းက သူရဲ့အသင်းအနေနဲ့ မိုချန်ဂလာဘတ်အသင်းနဲ့ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)မှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းအတိုင်း (ပြိုင်ဘက်အသင်းကို ၂ဂိုးပေးပြီးမှ ၂ဂိုးလိုက်ပြန်သွင်းတဲ့ Comeback ခြေစွမ်းကို ဆိုလိုခြင်းဖြစ်ပါတယ်) လာမယ့်ပွဲစဉ်တွေမှာပါ ဆက်လက်ကစားနိုင်ဦးမယ်ဆိုရင် လက်ရှိအချိန်မှာ ရလဒ်တွေ မကောင်းသေးပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကိုတော့ တတ်လှမ်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : BBC

အုပ်စုအဖွင့်ပွဲစဉ်တုန်းက အိမ်ကွင်းမှာ ရှက်တာဒိုးနက်အသင်းကို (၂)ဂိုး(၃)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ ရီးရဲလ်အသင်းဟာ မနေ့ညကပွဲစဉ်အတွင်းမှ ပြိုင်ဘက်မိုချန်ဂလာဘတ်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ရဲ့ သွင်းဂိုးတွေနဲ့အတူ ဦးဆောင်ထားခြင်းကို ခံခဲ့ရပေမယ့် ဘန်ဇီမာ ကတ်စ်မဲရိုးတို့ရဲ့နောက်ကျချေပဂိုးတွေနဲ့အတူ တစ်ဖက်ကို(၂)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။ ဒီရလဒ်နဲ့ပတ်သက်ပြီး နည်းပြဇီဒန်းက “ဒီရလဒ်ကတော့ အသင်းရဲ့ဝိသေသလက္ခဏာကို ပြသလိုက်တာပါပဲ။ ကျွန်တော်တို့အသင်းအနေနဲ့ သရေရလဒ်နဲ့ ထိုက်တန်ခဲ့သလို ကျွန်တော်ကတော့ ဒီထက်မက ပိုပြီးထိုက်တန်သေးတယ်လို့တောင် ထင်ပါတယ်”

Photo Credit : Marca

“အသင်းရဲ့အရှံးကနေ သရေရလဒ်ကို ယူဆောင်ခဲ့တဲ့ တုန့်ပြန်မှုကို အရမ်းသဘောကျခဲ့ရပါတယ်။ ဒီတစ်မှတ်ကလည်း အသင်းအတွက် အရမ်းကို တန်ဖိုးရှိပါတယ်။ အသင်းက ပွဲစဉ်တလျှောက်လုံးမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းအနေနဲ့ တချို့အရာလေးတွေမှာတော့ လစ်ဟင်းမှုအနည်းငယ်လောက် ဖြစ်ခဲ့ရပါတယ်။ အရှံးကနေ ပြန်လာနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ Plan အပေါ်ကို ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ဒီရလဒ်နဲ့ ထိုက်တန်ပါတယ်။ ပြိုင်ဘက်အသင်းကလည်း အရမ်းကို တုန့်ပြန်ကစားအားကောင်းခဲ့သလို ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။ Comeback ခြေစွမ်းမျိုးနဲ့သာ လာမယ့်ပွဲတွေကို ဆက်လက်ကစားနိုင်ဦးမယ်ဆိုရင်တော့ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တတ်လှမ်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်အတွင်းမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်က မိနစ်(၇၀)မှာ လူစားဝင်ကစားခဲ့ကာ ဟာဇက် မိုဒရစ် ရိုဒရီဂိုတို့ ပါဝင်လာပြီးနောက်မှာ ရီးရဲလ်အသင်းဘက်ကနေ ချေပဂိုးတွေကို ဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ လာမယ့်တစ်ပတ်မှာတော့ အုပ်စု(B)အတွင်း သူတို့အသင်းလိုပဲ နိုင်ပွဲမရသေးတဲ့ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။