ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်လို့နေရပြီး မနေ့ညက ယူကရိန်းမြေမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ရှက်တာဒိုးနက်အသင်းကို (၂)ဂိုးပြတ် အရေးနိမ့်လိုက်ရတာကြောင့် အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ အုပ်စုနောက်ဆုံးပွဲစဉ်အထိကို အဆုံးအဖြတ် ခံယူရတော့မှာဖြစ်သလို အခန့်မသင့်ရင် ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းသွားနိုင်တဲ့အပြင် အုပ်စုအောက်ဆုံးနေရာနဲ့ လုံးဝပြုတ်သွားနိုင်တဲ့အထိပါ အခြေအနေဆိုးသွားနိုင်ပါတယ်။

Photo Credit : Twitter

ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စပိန်လာလီဂါပြိုင်ပွဲမှာ (၁၀)ပွဲကစားပြီးနောက် (၃)ပွဲအထိကို အရေးနိမ့်ထားခဲ့ရပြီး ထိပ်ဆုံးက ဆိုစီဒက်အသင်းနဲ့ ရမှတ်(၇)မှတ် ကွာဟလျက်ရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အင်တာတစ်သင်းတည်းကိုသာ (၂)ကျော့စလုံး အနိုင်ရခဲ့ပြီး ရှက်တာဒိုးနက်ကို (၂)ကျော့စလုံး အရှုံးပေးထားခဲ့ရကာ မိုချန်ဂလာဘတ်ကိုတော့ နောက်ကျချေပဂိုးနဲ့ သရေကျထားခဲ့ပါတယ်။ အခုတော့ ရီးရဲလ်ဟာ ချန်ပီယံလိဂ် အုပ်စု(B)မှာ ရှက်တာဒိုးနက်အသင်းနဲ့ ရမှတ်(၇)မှတ်ချင်း Head-to-Head ရလဒ်ကြောင့် အဆင့်(၃)နေရာမှာ ရပ်တည်နေရပြီး မိုချန်ဂလာဘတ်အသင်းနဲ့ ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင်ကစားရတော့မှာဖြစ်ပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဇီဒန်းကတော့ သူရဲ့နည်းပြရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်း တာဝန်ရှိသူတွေဘက်ကတော့ ဇီဒန်းအတွက် နောက်လာမယ့် (၄)ပွဲရဲ့ ရလဒ်တွေကို စောင့်ကြည့်တော့မှာဖြစ်ပြီး ရလဒ်တွေ ဆက်လက်ဆိုးရွှားနေဦးမယ်ဆိုရင်တော့ အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်ကာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို အစားထိုးခန့်အပ်ဖွယ် ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ရီးရဲလ်အသင်းရဲ့ နောက်လာမယ့် ပြိုင်ပွဲစုံ ပွဲစဉ်(၄)ပွဲကတော့ တကယ့်ကို ခက်ခဲကြမ်းတမ်းမယ့် ပွဲစဉ်တွေဖြစ်လို့နေပြီး ဆီဗီလာ(လာလီဂါ) မိုချန်ဂလာဘတ်(ချန်ပီယံလိဂ်) အသက်လက်တီကို(လာလီဂါ) ဘီလ်ဘာအို(လာလီဂါ)ပွဲတွေ ဖြစ်ပါတယ်။ ဒီပွဲတွေအားလုံးမှာ လုံးဝတိမ်းစောင်းခံလို့မရတဲ့ ပွဲစဉ်ကတော့ မိုချန်ဂလာဘတ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲဖြစ်ပြီး ဒီပွဲမှာ ခြေချော်လိုက်တာနဲ့တင် ဇီဒန်းရဲ့ အနာဂတ်က ရုတ်ချည်းပြောင်းလဲသွားနိုင်ပါတယ်။ ပိုချက်တီနိုကလည်း အခုလက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသေးလို့ ရီးရဲလ်နည်းပြရာထူးအတွက် အဆင့်သင့်ဝင်ရောက်နိုင်မှာဖြစ်လို့ ဇီဒန်းအတွက်ကတော့ ဖိအားများစွာနဲ့ ရှေ့ဆက်တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။