ရီးရဲလ်မက်ဒရစ်အသင်းကတော့ မနေ့ညက ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ကစားသွားခဲ့တဲ့ စပိန်ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်းမှာ ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် အိမ်ကွင်းဘာနေဗျူးမှာတောင် ဧည့်သည်ဆိုစီဒက်အသင်းကို ၃ဂိုး၄ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ လှည့်ပြန်သွားခဲ့ရပါတယ်။ ဒီပွဲစဉ်အတွင်းမှာ ရီးရဲလ်အသင်းအနေနဲ့ အခုလို ၄ဂိုးပေးပြီး ရှံးနိမ့်ခဲ့ရတာဟာ နည်းပြဇီဒန်းလက်ထက်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ဒီရာသီအတွင်း ခံစစ်ကောင်းလှပါတယ်ဆိုတဲ့ ရီးရဲလ်အသင်းရဲ့ ခံစစ်အတွက်လည်း ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Getty Images

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီနေ့ပွဲမှာ ဂိုးသမားကော်တိုအာ နောက်ခံလူ ဗာရန်းတို့ကို အနားပေးခဲ့ပြီး အရန်ဂိုးသမား အာရီယိုလာနဲ့ နောက်ခံလူ မီလီတာအိုကို ထည့်သွင်းခဲ့ကာ ပွဲထွက်လာခဲ့ပေမယ့် မီလီတာအို ရာမို့စ်တို့ရဲ့ဗဟိုခံစစ်အတွဲအဖက်က အလုပ်မဖြစ်ခဲ့ပဲ အဓိကတော့ မီလီတာအိုရဲ့ ခံစစ်ပိုင်းအမှားအယွင်းများမှုတွေကနေ ဂိုးတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်။ ဘန်ဇီမာ ဗင်နီစီယပ်စ် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဒီယက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး အခွင့်အရေးတွေများစွာ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း အဲ့ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးမချနိုင်ခဲ့ပဲ ဖြုန်းတီးမှုတွေသာ များပြားခဲ့ရပါတယ်။

Photo Credit : Getty Images

ဆိုစီဒက်အသင်းရဲဲ့သွင်းဂိုး၄ဂိုးလုံးက ရီးရဲလ်ခံစစ်ပိုင်း အားနည်းချက်တွေကနေတစ်ဆင့် ခွင့်ပြုခဲ့ရတာဖြစ်သလို အခုလိုပွဲစဉ်တစ်ခုတည်းမှာ ပေးဂိုး၄ဂိုးအထိ ခွင့်ပြုခဲ့ရတာက နည်းပြဇီဒန်းလက်ထက်မှာ ပထမဆုံးအကြိမ် ဖြစ်လာခဲ့ရတယ်လို့ သိရှိခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇီဒန်းကိုင်တွယ်နေစဉ်အတွင်း လာလီဂါ ချန်ပီယံလိဂ် ကိုပါဒယ်ရေး အစရှိတဲ့ ပြိုင်ပွဲတွေမှာ တစ်ခါမှ ၃ဂိုးထက်ပိုပြီး ဂိုးပေးခဲ့ရတဲ့ ပွဲစဉ်ဆိုတာ မရှိခဲ့ပဲနဲ့ ခြေစမ်းပွဲတချို့မှာသာ ၄ဂိုးနဲ့ ၄ဂိုးအထက် ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ စပိန်လာလီဂါပြိုင်ပွဲမှာရော ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာပါ အိမ်ကွင်းရှုံးပွဲမရှိတဲ့ စံချိန်ကောင်းတစ်ခုလည်း ကျိုးပျက်သွားခဲ့ရပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းတူ ဘာစီလိုနာအသင်းကပါ ဘီလ်ဘာအိုအသင်းကို အရေးနိမ့်ခဲ့ပြီး ကိုပါဒယ်ရေးကနေ ထွက်ခွာခဲ့ရတာကြောင့် နှစ်ပေါင်း၆၅နှစ်အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ တစ်နေ့တည်းပဲ ကိုပါဒယ်ရေးကနေ ထွက်ခွာခဲ့ရတဲ့ မှတ်တမ်းတစ်ခု ဖြစ်လာခဲ့ရပါတယ်။