ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက်ကတော့ သူရဲ့ဒဏ်ရာပြသာနာတွေကြောင့် ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားထားနိုင်ခြင်း မရှိသေးပဲဖြစ်နေရာ အခုတော့ ဒဏ်ရာအခြေအနေကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်လို့ ဒီနေ့ည(၂)နာရီခွဲအချိန်မှာ ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားဖွယ်ရှိတယ်လို့ ရီးရဲလ်နည်းပြဇီဒန်းက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ဟာဇက်ဟာ ၂၀၁၉ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းအတွက် ပွဲဦးထွက်ရာသီမှာပဲ ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်ခဲ့ရတာဖြစ်လို့ ပြိုင်ပွဲစုံ(၂၂)သာ ကစားနိုင်ခဲ့ပြီး သွင်းဂိုးလည်း(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟာဇက်ရဲ့ဒဏ်ရာက ဒီနှစ်ဘောလုံးရာသီထိပါ ဆက်လက်ဖြစ်ပေါ်နေခဲ့တာကြောင့် ဒီရာသီအတွင်း ရီးရဲလ်အတွက် တစ်ပွဲမှကို ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ ဒီနေ့ညမှာ ကစားသွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှသာ ပြန်လည်ပါဝင်ရဖွယ် ရှိနေပါတယ်။

Photo Credit : AS English

ဟာဇက် အသင်းအတွက် ပြန်လည်ပါဝင်ကစားဖွယ်ရှိကြောင်းကို ဇီဒန်းက “သူ ကျွန်တော်တို့နဲ့အတူ ပါဝင်နိုင်ဖွယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူက အခုအခြေအနေကောင်းလျက်ရှိနေသလို ဒါကလည်း အသင်းအတွက် သတင်းကောင်းတစ်ခုပါပဲ။ သူ့ကို အသင်းမှာ ပြန်လည်မြင်တွေ့ရတော့မှာမို့ ကျွန်တော်တို့တွေ ဝမ်းမြောက်နေကြပါတယ်။ သူ့ကို မိုချန်နဲ့ပွဲမှာ ဘယ်လိုအသုံးပြုသွားရမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ သူ ပြန်လည်သက်သာလာတာက အသင်းအတွက် အရမ်းကို အပြုသဘောဆောင်တဲ့ သတင်းကောင်းတစ်ခုပါပဲ။ ဘောလုံးရာသီတစ်ခုဆိုတာက ရှည်လျားလွန်းလှတာမို့ ကျွန်တော်တို့အသင်းအတွက် ကစားသမားတိုင်းကို လိုအပ်ပါတယ်။ ဒါက အမှန်တရားလည်းဖြစ်သလို ကျွန်တော်မကြာခဏ ပြောခဲ့တဲ့စကားလည်းဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ တောင်ပံတိုက်စစ်နေရာတွေအတွက် အခက်အခဲ ရှိနေတယ်ဆိုတာကလည်း အမှန်ပါပဲ။ ဒါပေမယ့် ဝင်ရောက်ကစားနိုင်တဲ့ ကစားသမားတွေကတော့ ရှိနေတာကြောင့် အရမ်းကြီးတော့ ပြသာနာမဟုတ်နိုင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဇီဒန်းရဲ့ရီးရဲလ်ဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းကို အရေးနိမ့်ခဲ့ရလို့ ဒီညမှာ တွေ့ဆုံရမယ့် မိုချန်ဂလာဘတ်အသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုကို မဖြစ်မနေ ရယူသွားဖို့ လိုအပ်နေပြီး မိုချန်ကလည်း နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲဆက်တိုက် ရှံးပွဲမရှိထားလို့ ရီးရဲလ်တို့ မိုချန်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရဖွယ် ရှိနေပါတယ်။