လာလီဂါရဲ့ အင်အားကြီး တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ကတော့ ချန်ပီယံလိဂ် ပွဲစဉ် ၅ အဖြစ် ရှက်တာဒိုးနက် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီးတော့ ၂-၀ ဂိုး နဲ့ ရှုံးပွဲကြုံတွေ့ ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ အဆိုပါ ရှုံးပွဲကြောင့် အုပ်စု ဘီ မှာ အဆင့် ၃ နေရာကို ရောက်ရှိ သွားခဲ့ပြီးတော့ အုပ်စုအဆင့် ကနေ ၁၆ သင်း အဆင့်ဆီ တက်လှမ်းဖို့ အတွက် ဒီဇင်ဘာလ ၁၀ ရက်မှာ ကစားမယ့် မိုချန်ဂါလာဘတ် နဲ့ ပွဲစဉ်မှာ သေချာပေါက် အနိုင်ရရှိအောင် ကစားသွားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း ကတော့ ရှက်တာဒိုးနက် အသင်းကို ရှုံးနိမ့်ခဲ့ရပေမယ့် ရီးရဲလ် မက်ဒရစ်အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရသလို လာလီဂါ အမှတ်ပေးဇယားမှာလည်း အဆင့် ၄ နေရာမှာ ရောက်ရှိနေတာကြောင့် နည်းပြ ဇီဒန်း အပေါ်ကို မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ ဇီဒန်း ကတော့ ဘယ်လောက်ပဲ မေးခွန်းထုတ်နေပါစေ သူ့အနေနဲ့ နှုတ်ထွက်မှာ မဟုတ်ကြောင်းကို အခုလိုပဲ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ “ ကျွန်တော် နှုတ်ထွက်မှာ မဟုတ်ပါဘူး။ အဲ့ဒါက အသုံးဝင်မှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွင်းဂိုးတွေ တော့ ပျောက်ဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းဖိအားပေးနိုင်ခဲ့တယ်။ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဒါပေမယ့် သွင်းဂိုးတွေတော့ မရရှိခဲ့ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဂိုးတိုင် ကိုတောင် ထိခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ အရာအားလုံးက ရှုပ်ထွေးကုန်ပါတယ် ”

Photo Credit: Marca

“ ကျွန်တော်တို့ အနိုင်ရရှိဖို့ အတွက် ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ရှာဖွေနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျလို့ မဖြစ်ပါဘူး။ ခင်ဗျား အနေနဲ့ ရလဒ်ဆိုးတွေ ရနေရင် ဆက်သွားနေဖို့ပဲ လိုအပ်ပါတယ်။ ရလဒ်အားဖြင့် ဆိုရင်တော့ အဲ့ဒါက ဆိုးဝါးလှပါတယ် ဒါပေမယ့် ကျွန်တော်တို့ ဆက်သွား‌နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီ ပွဲစဉ် အတွက် အကောင်းဆုံး ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတော့ မရခဲ့ပါဘူး။ ကျွန်တော်တို့ မှာ အနိုင်ကစားဖို့ နောက်တစ်ပွဲ ကျန်ပါသေးတယ်။ ကစားကွက်ပိုင်းမှာတော့ ပြဿနာ ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲ ဆိုရင် ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့တယ်လေ။ ကျွန်တော်တို့ သွင်းဂိုးတွေ ရဖို့ အတွက်ပဲ ရုန်းကန် ခဲ့ရတာပါ။ ဒီနေ့ရလဒ် က ရှက်စရာပါပဲ ဘာလို့လဲဆိုရင် ကျွန်တော်တို့ အဲ့ဒါနဲ့ မထိုက်တန်လို့ပါ။ ကျွန်တော်တို့ နောက်ပွဲမှာ အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ဆက်လက် တိုက်ပွဲဝင် သွားမယ်ဆိုတာ အသေအချာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။