ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် ချယ်လ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားကာ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းက ပြိုင်ဘက် ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် ဖိုင်နယ်နဲ့ ထိုက်တန်မှု ရှိကြောင်း ပွဲအပြီးမှာ ချီးကျူး သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ပထမအကျော့ အဖြစ် ကစားခဲ့စဉ်က ၁-၁ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့ဟာ နှစ်သင်းစလုံး အတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး စတမ်းဘရက်ဖို့ဒ်ချ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ တီမိုဗာနာ ၊ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့ကာ ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Marca

စတမ်းဘရက်ဖို့ဒ်ချ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ကာ ထိုက်တန်တဲ့ ခြေစွမ်းကောင်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း ကတော့ ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာ ပုံမှန် ခြေစွမ်းကောင်း တခုကို မပြသနိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဇီဒန်းကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာရရှိမှု များပြားတာကြောင့် ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီး နောက်ပိုင်းမှာ လက်ကျန် လာလီဂါပြိုင်ပွဲကို အဓိကထား အာရုံစိုက်သွားမယ် လို့ ဆိုသွားပါတယ်။ ထို့အပြင် ဇီဒန်းဟာ ချယ်လ်ဆီးအသင်းကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit: Marca

ဇီဒန်းက – “ကျွန်တော်တို့တွေ ဒီကိစ္စကို ခဏခဏ ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာ များပြားတာတွေ ၊ ခြေစွမ်း အတက် ၊ အကျ မမှန်တဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီအဆင့်အထိ ရောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တချို့ကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ်အဆင့်နဲ့ ထိုက်တန်ခဲ့သလို ဖိုင်နယ်ကို ရောက်ဖို့လည်း ခြေတလှမ်းပဲ လိုအပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီညမှာ ချယ်လ်ဆီးအသင်းက ကျွန်တော်တို့ အသင်းထက် ပိုပြီး ကောင်းခဲ့သလို သူတို့ကို ဂုဏ်ပြုဖို့လည်း လိုပါတယ်။ ဒီရှုံးပွဲဟာ ကျွန်တော်တို့ကို အများကြီးတော့ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒီအဆင့်အထိ ရောက်ခဲ့တာကြောင့် အသင်းအတွက် ကျေနပ်သလို ဂုဏ်ယူမိပါတယ်။ အခုချိန်က အနားယူရမှာပါ။ ဒါပြီးရင်တော့ လက်ကျန် လာလီဂါပွဲစဉ် ၄ပွဲကို အာရုံစိုက်ရမှာပါ” လို့ ပြောကြားခဲ့တာပါ။