စပိန်မြေမှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ထားခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ အသင်းခေါင်းဆောင်ကြီး ဆာဂျီယိုရာမို့စ်ဟာ အခုတော့ သူရဲ့ဒဏ်ရာပြသာနာကနေ သက်သာလာခဲ့ပြီဖြစ်တာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ရင်ဆိုင်သွားရမယ့် ဒုတိယအကျော့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ရီးယဲလ်နည်းပြ ဇီဒန်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိ စပိန်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ဒီရာသီမှာ ဒဏ်ရာပြသာနာပေါင်းစုံအပြင် ကိုဗစ်ဗိုင်းရပ်စ်ပါ ကူးစက်ခံရမှုကြောင့် ရီးယဲလ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရတဲ့အပြင် ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ထားခဲ့ရပါတယ်။ အခုတော့ ရာမို့စ်က ကြွက်သားဒဏ်ရာကနေ သက်သာလာခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်မှာ ယှဉ်ပြိုင်သွားရမယ့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ပြန်လည်ပါဝင်ကစားနိုင်တော့မှာဖြစ်သလို ရာမို့စ်အနေနဲ့ ဒီပွဲအတွက်ကိုလည်း ကြံခိုင်မှုအပြည့်အဝ ရှိလို့နေပြီလို့ နည်းပြဇီဒန်းက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Managing Madrid

ရာမို့စ်နဲ့ပတ်သက်ပြီး ဇီဒန်းက “ရာမို့စ်က အသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီဆိုတော့ ဒါက သူပြန်လည်ကစားနိုင်ပြီဆိုတဲ့ သဘောပါပဲ။ သူ့နာမည်ကို ဒီပွဲရဲ့ လူစာရင်းအတွင်း ထည့်သွင်းနိုင်မလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒါပေမယ့် ရာမို့စ်က ကြံခိုင်မှု ပြည့်ဝနေပြီဖြစ်ပြီးတော့ ပါဝင်ကစားဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရာမို့စ်ဘက်က ကြံခိုင်မှု ပြည့်ဝနေပေမယ့် ဒီနေ့မှာ အိုဆာဆူနာအသင်းနဲ့ ရင်ဆိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာတော့ ထည့်သွင်းသွားမှာမဟုတ်ပဲ အနားသာပေးသွားမယ်လို့ ဇီဒန်းက ပြောဆိုလာခဲ့ပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ လာလီဂါမှာ မြို့ခံပြိုင်ဘက် အသက်လက်တီကိုနဲ့ ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး လာလီဂါချန်ပီယံဆုကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေရသလို ချန်ပီယံလိဂ်ဘက်မှာလည်း ပထမအကျော့တုန်းက အနိုင်မယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကို စတမ်းဖိုဒ့်ဘရစ်ချ်မှာ ပြန်လည်အနိုင်ယူဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ရာမို့စ် ဒဏ်ရာကနေ ပြန်လည်သက်သာလာတာဟာ အသင်းအတွက် သတင်းကောင်းတစ်ပုဒ် ဖြစ်လာနိုင်ပါလိမ့်မယ်။