စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် နည်းပြလောက ကနေ ခေတ္တခဏ အနားယူနေတဲ့ ပြင်သစ်လူမျိုး ထိပ်သီးနည်းပြ ဇနက်ဒင်း ဇီဒန်းဟာ မကြာခင်မှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေကြောင်း ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဖြစ်သူ ဂါရတ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တချိန်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံရတဲ့ အထိ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်ချိန်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ၃ကြိမ်ဆက်တိုက် အရယူနိုင်ခဲ့တဲ့ ဇီဒန်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြီးဆုံးချိန်မှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲကာ နည်းပြလောက ကနေ ခေတ္တ အနားယူနေသူပါ။

Photo Credit: Marca

ဇနက်ဒင်း ဇီဒန်းက နည်းပြဘဝမှာ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ၃ကြိမ် အထိ အရယူနိုင်ခဲ့တာကြောင့် ကလပ်အသင်း နည်းပြဘဝ ကနေ အနားယူကာ သူ့ရဲ့ နိုင်ငံအသင်း ဖြစ်တဲ့ ပြင်သစ်ကို ကိုင်တွယ်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် ပြင်သစ်အသင်းက သူတို့ရဲ့ လက်ရှိနည်းပြ ဒက်ချမ့်နဲ့သာ ဆက်လက် လက်တွဲခဲ့တာကြောင့် ဇီဒန်းအနေနဲ့ အသင်းလက်မဲ့ နည်းပြတဦး အနေနဲ့သာ ဆက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ သူတို့ရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ လမ်းခွဲဖို့ စဉ်းစားနေသလို ပိုချက်တီနိုနဲ့ လမ်းခွဲပြီးပါက ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေပြီး ဇီဒန်းဘက်ကလည်း ပြင်သစ်အသင်းကို ကိုင်တွယ်ခွင့် ရဖို့ မသေချာတာကြောင့် ပီအက်စ်ဂျီကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’Equipe သတင်းဌာနက ဆိုပါတယ်။

Photo Credit: Marca

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မစ္စတာ ဂါရတ်ကလည်း ဇီဒန်းဟာ ပီအက်စ်ဂျီရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေကြောင်းကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဂါရတ်က – “ဇီဒန်းရဲ့အကြောင်းကို ပြောမယ် ဆိုရင် ခင်ဗျားတို့က သူ့ကို လေးစားဖို့တော့ လိုပါမယ်။ သူက ရီးရဲလ်မက်ဒရစ်နဲ့ ဘယ်လို အောင်မြင်မှုတွေ ရယူနိုင်ခဲ့လဲ ဆိုတာ အားလုံးလည်း သိကြပါတယ်။ ပြင်သစ်အသင်း အတွက် ကြည့်ရင် သူက ဒက်ချမ့်စ်ရဲ့ နေရာမှာ အစားဝင်နိုင်စွမ်း ရှိတဲ့ နည်းပြကောင်း တဦးပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ပြင်သစ်အသင်းရဲ့ နည်းပြသစ် မခန့်ချင်သေးပါဘူး။ တကယ်လို့ ကျွန်တော်တို့ကသာ ဒက်ချမ့်စ်နဲ့ လမ်းခွဲခဲ့မယ် ဆိုရင် သူက ရွေးချယ်စရာ တခု အဖြစ် ရှိနေပါလိမ့်မယ်။ ဇီဒန်းက ဒက်ချမ့်စ်ရဲ့ နေရာကို အစားဝင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။ ဇီဒန်းက ပီအက်စ်ဂျီရဲ့ နည်းပြသစ်လည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူက ပြင်သစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ဆိုရင်တော့ အသင်းလက်မဲ့ အနေအထားကို ရောက်နေဖို့ လိုပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။