ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကတော့ သူရဲ့အသင်းသား အီဒင်ဟာဇက်ရဲ့ လတ်တလော စွမ်းဆောင်ရည်တွေအပေါ် အသင်းရဲ့ ပရိသတ်တွေအနေနဲ့ သည်းခံစောင်းဆိုင်းပေးကြဖို့ တိုက်တွန်းပြောဆိုုလိုက်ပါတယ်။ ဟာဇက်ဟာ ဒီနှစ်ရာသီအတွင်း ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရပြီး အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးနေရသလို သူရဲ့ပုံမှန်ခြေစွမ်းတွေလည်း လက်ရှိအချိန်ထိ ပျောက်ဆုံးလျက်ရှိနေရပါတယ်။

Photo Credit : BBC

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီ ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာမျိုးစုံရဲ့ နှောင့်ယှက်မှုတွေကြောင့် သူရဲ့ပုံမှန်ခြေစွမ်းတွေနဲ့ ပုံမှန်ပွဲထွက်ခွင့်တွေက ကျဆင်းလာခဲ့ရပြီး အခုလို ဟာဇက်ကို ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူခဲ့တဲ့ ရီးရဲလ်အသင်းလည်း ဂျင်းမိသလို ဖြစ်ခဲ့ရတယ်ဆိုကာ ပရိသတ်တွေဘက်ကနေ သတ်မှတ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ရီးရဲလ်နည်းပြဇီဒန်းကတော့ ဟာဇက်ဟာ ဒဏ်ရာကနေ သက်သာခါစသာ ရှိနေသေးလို့ မကြာခင်မှာပဲ သူရဲ့ခြေစွမ်းအစစ်အမှန်ကို ပြန်လည်မြင်တွေ့လာရလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဟာဇက်နဲ့ပတ်သက်ပြီး ဇီဒန်းက “ဟာဇက်ကတော့ ဒီညမှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တယ်။ ဒါပေမယ့် သူရဲ့ပုံမှန်ခြေစွမ်းတွေ ပြန်ရဖို့အတွက်ဆိုရင် အချိန်လိုသေးသလို နောက်ထပ်ပွဲတွေကိုလည်း ဆက်လက်ကစားရဖို့ လိုပါသေးတယ်။ ဒါမျိုးက တစ်ဆင့်ပြီးတစ်ဆင့် ရယူတာမျိုးပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ မနေ့ညက အယ်ချီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး ဝါရင့်ကွင်းလယ်လူကြီး လူကာမိုဒရစ်ရဲ့သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းဘက်ကို ချေပဂိုး ပြန်လည်ခွင့်ပြုခဲ့ရကာ တစ်ဖက်ကို တစ်ဂိုးစီနဲ့ပဲ သရေကျသွားခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်မှာ ရီးရဲလ်ရဲ့အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းက အိမ်ကွင်းမှာ ဂီတာဖေးအသင်းကို ဆွာရက်ဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် ရီးရဲလ်အသင်းကို (၂)မှတ်ဖြတ်တောက် ထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ အယ်ချီနဲ့ပွဲမတိုင်ခင်မှာ စပိန်လာလီဂါပွဲစဉ်(၅)ပွဲလုံးကို တောက်လျှောက်အနိုင်ယူထားခဲ့ပြီး ဒီပွဲတွေထဲမှာ အသက်လက်တီကို ဆီဗီလာ ဂရန်နာဒါတို့လို အသင်းကောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ လာမယ့်ပွဲစဉ်မှာတော့ ဒီနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်တဲ့ ဆယ်တာဗီဂိုအသင်းကို အိမ်ကွင်းဧည့်ခံကစားရမှာဖြစ်ပါတယ်။