ရီးရဲလ်မက်ဒရစ်အသင်းအတွက် စပိန်လာလီဂါဆုဖလားကို ဒုတိယအကြိမ်အဖြစ် ရယူပေးနိုင်ခဲ့တဲ့ နည်းပြဇီဒန်းကတော့ အခုဆိုရင် အသင်းအတွက် သူရယူပေးခဲ့တဲ့ ဆုဖလားအရေအတွက်ပေါင်းက (၁၁)ခုအထိ ရှိလာခဲ့ပြီး သူစတင်ကိုင်တွယ်ခဲ့ချိန်တုန်းကလည်း ဥရောပချန်ပီယံလိဂ်ဆုဖလားကို (၃)နှစ်ဆက်တိုက်အထိ ရယူပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီလိုတွေ စွမ်းဆောင်ပေးထားခဲ့ပေမယ့်လည်း ဇီဒန်းက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာကိုမှ အသေအချာ သတ်မှတ်ထားလို့ မရဘူးလို့ပဲ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : GiveMeSport

ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားသမားဘဝနဲ့ရော နည်းပြဘဝနဲ့ပါ ကျင်လည်ခဲ့ဖူးတဲ့ ဇီဒန်းဟာ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ဆုဖလားများစွာကို ရယူပေးနိုင်ခဲ့သလို အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းဆီကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ကိုင်တွယ်ရမှာလည်း စပိန်စူပါဖလားနဲ့ စပိန်လာလီဂါဆုဖလားတို့ကို ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးနေတဲ့ ဇီဒန်းကို အင်တာဗျူးတစ်ခုကနေ ရီးရဲလ်မှာပဲ နောက်နှစ်ပေါင်းများစွာ ဆက်လက်ရှိနေဦးမလားလို့ မေးမြန်းလာခဲ့ရာ ဇီဒန်းက”အနာဂတ်မှာ ဘာတွေဆက်ပြီး ဖြစ်လာမှာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”

Photo Credit : Goal

“ကျွန်တော်ကလည်း နောက်ဘောလုံးရာသီတွေအကြောင်း ကြိုပြောလေ့မရှိပါဘူး။ ကျွန်တော်မှာ ဒီအသင်းနဲ့ စာချုပ်သက်တမ်းရှိနေသေးပါတယ်။ အခု အသင်းမှာလည်း ကျွန်တော်ပျော်ရွှင်နေပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာတော့ မသိနိုင်ဘူးပေါ့။ ဘောလုံးလောကအတွင်းမှာ အရာရာတိုင်း လျင်လျင်မြန်မြန်ပဲ ပြောင်းလဲတတ်တယ်လေ။ ဆိုတော့ ကိုယ့်အနာဂတ်အကြောင်းကိုလည်း အတပ်မပြောနိုင်သေးဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းသားတွေနဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်တို့ကတော့ ဇီဒန်းကို လာမယ့်နှစ်ပေါင်းများစွာအထိ ရီးရဲလ်မှာပဲ နည်းပြအဖြစ် ဆက်လက်မြင်တွေ့ချင်နေကြပြီး ရာမို့စ်ကလည်း ဇီဒန်းဟာ ပြိုင်ဘက်ကင်းပြီး သူထိလိုက်တဲ့အရာတိုင်း ရွှေဖြစ်သွားတယ်လို့ပါ ချီးမွမ်းပြောဆိုလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဇီဒန်းရဲ့ရီးရဲလ်အသင်းက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း လီဟာနက်စ်အသင်းနဲ့ ရာသီပိတ်ပွဲကို ကစားရဦးမှာဖြစ်လို့ ဒီပွဲအတွက်ကိုလည်း အာရုံစိုက်ထားရမယ်လို့ ကစားသမားတွေကို ဇီဒန်းက သတိပေးပြောဆိုလိုက်ပါတယ်။