ဆွစ်ဇာလန် အင်အားကြီး ဘောလုံးအသင်း ဖြစ်တဲ့ ယန်းဘွိုင်းအသင်းဟာ ယနေ့ည ၁၁နာရီ ၁၅မိနစ်မှာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဥရောပ အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပဲ ဖြစ်ပါတယ်။

ယန်းဘွိုင်းအသင်းဟာ ဥရောပမှာ အင်အားနည်းတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ရိုနယ်ဒို ဦးဆောင်လာမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းကို ခုခံနိုင်ဖို့ ခက်ခဲဖွယ် ရှိနေသလို မန်ယူအသင်းနဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ ဇီစင်ဂါဟာ ဒဏ်ရာပြဿနာကြောင့် ပါဝင် ကစားနိုင်ဖွယ် မရှိကြောင်း သိရပါတယ်။

Photo Credit: AS English

အသက် ၂၃နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် နောက်ခံလူ ဇီစင်ဂါဟာ ယန်းဘွိုင်းအသင်းရဲ့ ကြယ်ပွင့် နောက်ခံလူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ၁၁ပွဲ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်သူပါ။

အရပ်အမြင့် ၆ပေ ၂လက်မ ရှိတဲ့ ဇီစင်ဂါဟာ ပြစ်ဒဏ်ဘောတွေ ကနေ တဆင့် ခေါင်းတိုက်သွင်းဂိုးတွေ သွင်းယူပေးနိုင်စွမ်း ရှိသလို အမြင့်ဘော ရှင်းထုတ်မှုအားလည်း ကောင်းမွန်တာကြောင့် ရိုနယ်ဒိုလို ခေါင်းတိုက်စွမ်းရည် မြင့်မားတဲ့ ကစားသမားမျိုးကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ယန်းဘွိုင်းအသင်းဟာ ယခုပွဲစဉ်မှာတော့ ဇီစင်ဂါကို လက်လွှတ်ရဖွယ် ရှိပါတယ်။

Photo Credit: AS English

ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဇီစင်ဂါဟာ ညာဘက်ဒူးခေါင်း အနီးတဝိုက်မှာ သေးငယ်တဲ့ ဒဏ်ရာပြဿနာ တချို့ ရှိနေပြီး အဆိုပါဒဏ်ရာတွေကြောင့်ပဲ ယန်းဘွိုင်းအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လွဲချော်ထားတာကြောင့် ဇီစင်ဂါဟာ ယန်းဘွိုင်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားပေးဖို့ အခွင့်အရေး နည်းပါးနေကြောင်း သိရပါတယ်။