မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး အဖြစ် ဆယ်စုနှစ် တစုကျော်ကြာ ရပ်တည်နိုင်ခဲ့တဲ့ ဝါရင့် ဗဟိုခံစစ်မှူး ဇော်မင်းထွန်းက ထိုင်းလိဂ်-၁ကလပ် ချွန်ဘူရီနဲ့ လမ်းခွဲခဲ့ပြီးနောက် မလေးရှား စူပါလိဂ်ကလပ် ပီနန်ဆီ တရာသီစာချုပ်နဲ့ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း ဇော်မင်းထွန်းရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ဇော်မင်းထွန်းက မြန်မာနိုင်ငံရဲ့ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ရတနာပုံနဲ့ ရန်ကုန်ယူနိုက်တက်တို့မှာ ကာလရှည် ကစားခဲ့ဖူးတဲ့ ကစားသမား ဖြစ်ကာ ၂၀၁၈ခုနှစ်မှာတော့ ရန်ကုန်ယူနိုက်တက် ကနေ ထိုင်းကလပ် ချွန်ဘူရီဆီ ပြောင်းရွှေ့ပြီး နိုင်ငံခြားကလပ်တွေဆီ စတင် ခြေဆန့်ခဲ့ပါတယ်။

 

ဇော်မင်းထွန်းက ချွန်ဘူရီဆီ ပြောင်းရွှေ့ပြီးနောက် တနှစ်အကြာမှာပဲ ဆူခိုထိုင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဆူခိုထိုင်းနဲ့ ၁နှစ်ကြာ ကစားပြီးတဲ့နောက် ထရက်ဆီ ပြောင်းရွှေ့ ကစားခဲ့ပြန်ပါတယ်။ ထရက်ဆီ ရောက်အပြီးမှာ ဇော်မင်းထွန်းက အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ထိုင်းလိဂ်-၁ရဲ့ နာမည်ကြီးကလပ် ချွန်ဘူရီဆီ ထပ်မံ ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် ဇော်မင်းထွန်းက ချွန်ဘူရီမှာ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် မကြာသေးမီကပဲ ဇော်မင်းထွန်းက ချွန်ဘူရီနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အသင်းလက်မဲ့ ကစားသမား ဖြစ်သွားပြီးနောက် ဇော်မင်းထွန်းကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ရှိခဲ့ပြီး ဇော်မင်းထွန်းကတော့ နယ်မြေသစ် ဖြစ်တဲ့ မလေးရှားလိဂ်ဆီ ခြေဆန့် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဇော်မင်းထွန်းရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းရဲ့ ဖော်ပြချက်အရ မလေးရှား စူပါလိဂ်ကလပ် ပီနန်က ဇော်မင်းထွန်းကို အလွန် ကောင်းမွန်တဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ကာ ဇော်မင်းထွန်းက လစာ ၊ ပွဲနိုင်ဆုကြေး ၊ ကွန်ဒို ၊ ကား စတဲ့ ခံစားခွင့်တွေကို ရရှိမယ်လို့ သိရသလို ဇော်မင်းထွန်းဟာ ပီနန်နည်းပြချုပ်ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်နေကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် ပီနန်အသင်းဟာ ဇော်မင်းထွန်းအပြင် ဘရာဇီးလ် ၊ ဂျပန်နဲ့ ကိုရီးယား ခံစစ်မှူးတွေကို ခေါ်ယူထားတာကြောင့် ဇော်မင်းထွန်းဟာ ပွဲထွက်ခွင့် ရဖို့ တိုက်ပွဲဝင်ရဦးမယ်လို့ ကိုရဲနိုင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့် ကနေ တဆင့် ဖော်ပြသွားခဲ့ပါတယ်။