အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားနဲ့ အီတလီ လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တဦး ဖြစ်သူ ဇာနီရိုလိုကတော့ သူ့ရဲ့ အီတလီအသင်းဟာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ အတွက် အီတလီ ပရိသတ်တွေကို တောင်းပန်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်ကစားသမား ဇာနီရိုလိုက ရိုးမားနဲ့ အီတလီတို့ရဲ့ အားကိုးရတဲ့ ကစားသမားကောင်း တဦး ဖြစ်ပြီး သူက အီတလီ လက်ရွေးစင်အသင်း အတွက် ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်သူပါ။

Photo Credit: Fot Mob

ဇာနီရိုလိုက ဆယ်ကျော်သက် အရွယ်မှာပဲ ရိုးမားနဲ့အတူ အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် ရိုးမားရဲ့ ဂန္တဝင် ကစားသမား တော့တီနဲ့ ခိုင်းနှိုင်းခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏ ဆိုသလို ကြုံတွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဇာနီရိုလိုက ယူရို၂၀၂၀ချန်ပီယံ အီတလီရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်တွေမှာ ဝင်ရောက် ကစားခွင့် မရခဲ့ပဲ အီတလီက မက်ဆီဒိုးနီးယားကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးကွာခဲ့ရတဲ့ ပွဲစဉ်ကိုလည်း အိမ်ကနေသာ ကြည့်ရှု အားပေးခဲ့ရပါတယ်။

Photo Credit: Fot Mob

ဒါပေမယ့် ဇာနီရိုလိုကတော့ အီတလီအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရအောင် မကူညီနိုင်ခဲ့လို့ အနည်းငယ် ဝမ်းနည်းနေပြီး အီတလီ ပရိသတ်တွေရဲ့ ခံစားချက်တွေကိုလည်း သူ့အနေနဲ့ နားလည်ပေးနိုင်ကာ သူက အီတလီ ပရိသတ်တွေကို တောင်းပန်ချင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဇာနီရိုလိုက – “ပရိသတ်တွေ အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ပြီးတော့ တောင်းပန်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တွေ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ နောက်ထပ် ၄နှစ် ထပ်စောင့်ရတော့မှာမို့လို့ပါ။ ဒါပေမယ့် ဒါတွေက ပြီးသွားပါပြီ။ ကျွန်တော်ကတော့ နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရအောင်ပဲ ပစ်မှတ်ထား ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။ မန်စီနီဆီကနေ ပထမဦးဆုံး အကြိမ် ဖုန်းရတုန်းကဆိုရင် ကျွန်တော်က အရမ်းငယ်သေးပါတယ်။ သူက ကျွန်တော့်ကို လူကိုယ်တိုင် လာတွေ့ခဲ့သလို ကစားရတာ အဆင်ပြေအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။ သူက လူကောင်း တဦး ဖြစ်သလို ပရောက်ဖက်ရှင်နယ် ဆန်တဲ့ ထိပ်တန်း နည်းပြတယောက်ပါ။ ဒါကြောင့် လာမယ့် အီတလီပွဲတွေမှာ ဝင်ရောက် ကစားခွင့် ရဖို့ မန်စီနီရဲ့ စိတ်ကျေနပ်မှု ရအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ တောင်းပန်စကား ပြောကြားခဲ့တာပါ။