အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ ဒုတိယ ဥက္ကဌလည်း ဖြစ်တဲ့ ဇနက်တီကတော့ သူတို့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို ထိပ်သီးအသင်းတွေ ပါဝင်နေတဲ့ သေမင်းတမန် အုပ်စုထဲ ကျရောက်နေပေမယ့် နှစ်သင်းစလုံးကို ကြောက်နေမှာ မဟုတ်ဘူးလို့ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲတွေ အပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စု(C)အတွင်း ကျရောက်နေပြီး အုပ်စု(C)အတွင်းမှာ ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာတို့လို ထိပ်သီးအသင်းတွေ ပါဝင်နေတာကြောင့် အင်တာမီလန်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ရလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ပါဝင်နေပါတယ်။

Photo Credit: Standard

အင်တာမီလန်က လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားပိုင်းဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ထက် လျော့နည်းနေတာကြောင့် အင်တာမီလန်အနေနဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲနိုင်ချေ ရှိနေပါတယ်။

ဒါပေမယ့် အင်တာမီလန်ရဲ့ ဒုတိယ ဥက္ကဌ ဇနက်တီကတော့ သူတို့အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်ထားပြီး သူတို့ဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ရင်ဆိုင် ကစားဖို့ မကြောက်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဇနက်တီက – “ကျွန်တော်တို့အတွက် အုပ်စုက ခက်ခဲပြီး ရှုပ်ထွေးမယ့် အုပ်စု တခုပါပဲ။ ကျွန်တော်တို့ရဲ့ အုပ်စုထဲမှာ ဒီပြိုင်ပွဲရဲ့ အကြောင်းကို ကောင်းကောင်း သိတဲ့ အသင်းနှစ်သင်း ပါဝင်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ အသေးစိတ်ကျကျ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ တပွဲပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က ဒီပြိုင်ပွဲဆီ ရောက်နေတာပေါ့။ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေနဲ့ ရင်ဆိုင် ကစားရမယ် ဆိုတာက ကျွန်တော်တို့အတွက် စိန်ခေါ်မှု တခုပါပဲ။ ဘိုင်ယန်မြူးနစ်က အင်အားတောင့်တင်းတဲ့ အသင်း ဖြစ်သလို ဘာစီလိုနာကလည်း ဇာဗီနဲ့အတူ သူတို့ရဲ့ တည်ငြိမ်မှုကို ရှာဖွေထားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာကို ဒုက္ခပေးခဲ့သလို ဒီနှစ်လည်း အဲ့ဒီလိုမျိုး လုပ်နိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်တော်တို့က သူတို့တွေကို မကြောက်ပါဘူး။ လေးစားမှုပဲ ရှိတာပါ။ ကျွန်တော်ကတော့ အင်တာမီလန်ဟာ သူတို့တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေသလို ပြင်လည်း ပြင်ဆင်ပြီးပြီလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။