အီတလီ စီးရီးအေကလပ် အင်တာမီလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဂန္တဝင် ကစားသမားကြီး ဇနက်တီကတော့ သူ့ရဲ့ နိုင်ငံအသင်း ဖြစ်တဲ့ အာဂျင်တီးနားက ကမ္ဘာ့ဖလားဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပေမယ့် လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်ကို အနိုင်ယူဖို့ မလွယ်ကူကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၄၉နှစ် အရွယ် ဂန္တဝင် ညာနောက်ခံလူကြီး ဇနက်တီက အာဂျင်တီးနား အတွက် ၁၄၅ပွဲ အထိ ပါဝင် ကစားပေးထားတဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်ပြီး သူဟာ အာဂျင်တီးနားနဲ့အတူ Pan America Games ဆုဖလားကို အရယူခဲ့ဖူးသူပါ။

Photo Credit: Sporting News

တဖက်မှာတော့ လီယွန်နယ် မက်ဆီ ဦးဆောင်နေတဲ့ အာဂျင်တီးနားက ယခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ခြေစွမ်းမျိုး ပြသထားနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ဆိုရင်လည်း ဘရာဇီးလ်ကို အနိုင်ယူလာတဲ့ ခရိုအေးရှားကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ ဘောလုံးပရိသတ် အများစုက လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေတဲ့ မက်ဆီကို ပိုင်ဆိုင်ထားတဲ့ အာဂျင်တီးနားဟာ ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Sporting News

ဒါပေမယ့် အာဂျင်တီးနားရဲ့ ဂန္တဝင် ကစားသမားကြီး ဇနက်တီကတော့ မက်ဆီ ရှိနေရုံနဲ့ အာဂျင်တီးနားဟာ ပြင်သစ်ကို အနိုင်ရမယ်လို့ တထစ်ချ ယူဆလို့ မရကြောင်းနဲ့ ပြင်သစ်မှာလည်း ဂရစ်ဇ်မန်း ၊ အမ်ဘာပေတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေတာကြောင့် အာဂျင်တီးနားဟာ ပြင်သစ်ကို အနိုင်ယူဖို့ မလွယ်ကြောင်း ဆိုလာပါတယ်။

ဇနက်တီက – “အာဂျင်တီးနားက ကျွန်တော်တို့နိုင်ငံဆီ ကမ္ဘာ့ဖလားကို ယူဆောင်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အမ်ဘာပေ ၊ ဂရစ်ဇ်မန်း ၊ ဂျရူးနဲ့ ရာဘီယော့တို့နဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ သူတို့က တကယ်ကို ကောင်းကြတဲ့ ကစားသမားတွေပါ။ ပြီးတော့ သူတို့မှာ ထိပ်တန်းအဆင့် ဂိုးသမား တယောက်လည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတွေက ဒီနည်းပြနဲ့ပဲ အချိန်အတော်ကြာအောင် ရှိနေတဲ့ လူတွေပါ။ ကျွန်တော်တို့အသင်းက ပြီးပြည့်စုံတဲ့ အသင်းတသင်း ဖြစ်သလို ကောင်းမွန်တဲ့ စုဖွဲ့မှုလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒါက ဗိုလ်လုပွဲပါ။ ဘာမဆို ဖြစ်နိုင်ပါတယ်” လို့ သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။