ကျွန်တော်တို့ချစ်တဲ့ ဘောလုံးလောကမှာ စကားကို ဆောင့်ကြွားကြွားပြောတတ်ပြီး သူ့ကို ချစ်တဲ့သူတွေများသလို ၊ အမြင်ကပ်ပြီး ကြည့်မရတဲ့သူတွေ ၊ မုန်းတဲ့သူတွေ တစ်ပုံတစ်ပင်ရှိတဲ့သူကတော့ ဆွီဒင်သားကြီး အီဘရာဟီမိုဗစ်ပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုပြင်းထန်ပြီး သူမတူတဲ့ ကရာတေး ကစ်ချက်တွေနဲ့ ဂိုးတွေသွင်းယူလေ့ရှိတဲ့ မိုဗစ် ဟာ လက်ရှိမှာတော့ အီတလီနိုင်ငံတစ်ဝှမ်းမှာ ပျံ့နှံ့နေပြီး ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သတ်ပြီး လှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့သလို ဖောင်ဒေးရှင်းတစ်ခုကိုလည်း စတင်ပြီးတော့ တည်ထောင်ပေးခဲ့တယ်လို့ အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit: Standard.com

အသက် ၃၈နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မိုဗစ် ဟာ လက်ရှိအချိန်မှာ အီတလီစီးရီးအေ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်မှာ ကစားနေသူဖြစ်ပြီး သူနေထိုင်နေတဲ့ မီလန်မြို့ဟာလဲ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ နယ်ပယ် အတွင်းမှာ ပါဝင်နေပါတယ်။ ဒါ့ကြောင့်လဲ မိုဗစ် က ကိုရိုနာဗိုင်းရပ် တိုက်ဖျက်မှုအတွက် စတင်ပြီး ဦးဆောင်လာခဲ့တာဖြစ်ကာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်ကို ကုသနေတဲ့ ဆေးရုံတွေကို လှူဒါန်းဖို့အတွက် အလှူခံစာမျက်နှာတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာတော့ အဆိုပါစာမျက်နှာ ကနေ လှူဒါန်းငွေ ဒေါ်လာ ၁၅၀၀၀၀ အထိ ပေးပို့လှူဒါန်းနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit: Standard.com

အီဘရာဟီမိုဗစ်ကတော့ သူ့ရဲ့ လုပ်ဆောင်မှုအပေါ် ကျေနပ်ဂုဏ်ယူနေပြီး ကိုရိုနာဗိုင်းရပ် ဟာ ဇလာတန်ကို ကြောက်ရွံ့နေတယ်လို့ ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ ဒေါ်လာ ၁၅၀၀၀၀ အထိ လှူဒါန်းနိုင်ခဲ့မှုနဲ့ ပတ်သတ်ပြီး မိုဗစ်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ” ကိုရိုနာက ဇလာတန်ဆီမလာရင် ၊ ဇလာတန်က ကိုရိုနာဆီ သွားမယ် ” ဆိုပြီး ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အီတလီဘောလုံးလောကက လူတွေက မိုဗစ်ရဲ့ လုပ်ရပ်အပေါ် သဘောကျနေကြပြီး တခြားကစားသမားတွေဟာလည်း မိုဗစ်နဲ့အတူ ပူးပေါင်းသင့်တယ် လို့ အကြံပြု ပြောဆိုနေကြတယ်လို့ သိရှိရပါတယ်။ ကဲ ပရိသတ်ကြီးကရော မိုဗစ်ကို သဘောကျတဲ့သူလား… ဒါမှမဟုတ် သဘောမကျတဲ့သူလား…