အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့ ကာဘူးလ်မြို့ကနေ သန်းနဲ့ချီတဲ့ လူထုကြီးဟာ ထွက်ပြေး တိမ်းရှောင်ဖို့ ကြိုးစားနေကြသလို ထွက်ပြေးဖို့ ကြိုးစားရင်း မတော်တဆ ဖြစ်ကာ သေဆုံးမှုတွေလည်း မြင့်တက်နေပါတယ်။

တာလီဘန်အဖွဲ့ဟာ အကြမ်းဖက်မှု မျိုးစုံကို ပြုလုပ်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တာကြောင့် အာဖဂန်နစ္စတန် နိုင်ငံသား အများစုဟာ အခြားနိုင်ငံတွေမှာ ခိုလှုံဖို့ အတွက် ထွက်ပြေးကြရာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ကာဘူးလ်မြို့ လေဆိပ်ကနေ ထွက်ခွာတဲ့ အမေရိကန် ကယ်ဆယ်ရေး လေယာဉ်တွေပေါ်ကနေ ပြုတ်ကျသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါ ပြုတ်ကျသေဆုံးတဲ့ လူတွေထဲမှာ အသက် ၁၉နှစ် အရွယ် အာဖဂန်နစ္စတန်နိုင်ငံရဲ့ တက်သစ်စ ဘောလုံးကြယ်ပွင့် တဦး ဖြစ်သူ ဇာခီ အန်ဝါရီလည်း ပါဝင်ခဲ့ကြောင်း နာမည်ကျော် အာရပ်သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဇာခီ အန်ဝါရီဟာ အမေရိကန်နိုင်ငံရဲ့ ကယ်ဆယ်ရေး လေယာဉ်ဖြစ်တဲ့ ဘိုးရင်း-၁၇ လေယာဉ်ရဲ့ ဘေးကနေ တွယ်လိုက်ကာ နိုင်ငံထဲကနေ ထွက်ခွာဖို့ ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ကြောင်း မျက်မြင် သက်သေတွေက ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

အန်ဝါရီဟာ အာဖဂန်နစ္စတန်နိုင်ငံ အတွက် အနာဂတ်မှာ အားကိုးရမယ့် လူငယ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်တာကြောင့် အန်ဝါရီကို ဆုံးရှုံးလိုက်ရတာဟာ ဘောလုံးလောက အတွက် ဝမ်းနည်းစရာ ဆုံးရှုံးမှု တခုပဲ ဖြစ်ပါတယ်။