ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မိုချန်ဂလက်ဘက်အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူ ဇာကာရီယာဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိတာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်လို့ ဂလက်ဘက်အသင်းက တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၅နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဇာကာရီယာဟာ ၂၀၁၇ခုနှစ်မှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်း ကနေ ဂလက်ဘက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၄သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဂလက်ဘက်အသင်းထံ ရောက်ရှိအပြီးမှာတော့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Metro

 

အရပ်အမြင့် ၆ပေ ၂လက်မ ရှိတဲ့ ဇာကာရီယာဟာ ညာခြေအားသန် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပြီး ကြံ့ခိုင်မှု အားကောင်းပြီး လျင်မြန်သလို အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း ရှိတာက သူ့ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

ဇာကာရီယာဟာ ပါဝင် ကစားခွင့် ရတဲ့ ပွဲစဉ်တိုင်းမှာ အစွမ်းကုန် ကြိုးစား အားထုတ်လေ့ ရှိတာကြောင့် ဂလက်ဘက်အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပေမယ့် ဇာကာရီယာ ကတော့ သူ့ရဲ့ ကစားသမားဘဝ တိုးတက်ဖို့ အတွက် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Metro

ဇာကာရီယာ တယောက် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို ဂလက်ဘက်အသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ “ဒန်းနစ် ဇာကာရီယာက အသင်းမှာ ၅နှစ်ကြာအောင် ကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်လို့ အသိပေး အကြောင်းကြားခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဇာကာရီယာကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေ အနက် ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အီတလီ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်တို့က ဇာကာရီယာကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေကြပါတယ်။