MySport Myanmar

အသင်းဟောင်း ဂျုဗင်တပ်စ်က ကစားပုံ နိမ့်ပါးလွန်းတယ်လို့ ဇာကာရီယာ ဝေဖန်

နွေဈေးကွက် နောက်ဆုံးနေ့မှာ ဂျုဗင်တပ်စ်ကနေ ချယ်လ်ဆီးအသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆွစ် ကွင်းလယ်ကစားသမား ဒန်းနစ်ဇာကာရီယာက သူ့အသင်းဟောင်း ဂျုဗင်တပ်စ်က ကစားပုံ နိမ့်လွန်းတယ်လို့ ပြစ်တင်သွားခဲ့ပြီး တူရင်မှာထက် အင်္ဂလန်မှာ ပိုပျော်ဖို့ကောင်းမယ်ထင်လို့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။

Photo Credit : Football Transfers

အသက်(၂၅)နှစ်အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်ကစားသမား ဇာကာရီယာဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့ နောက်ဆုံးအချိန်မှာပဲ ဂျုဗင်တပ်စ်ကနေ ချယ်လ်ဆီးကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အငှားသက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ် ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်း ချုပ်ဆိုထားခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးအတွက် တစ်ပွဲကိုမှ ကစားထားရခြင်း မရှိသေးတဲ့ ဇာကာရီယာက ရလဒ်တွေ ဆိုးရွှားနေတဲ့ သူ့အသင်းဟောင်း ဂျုဗင်တပ်စ်ရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး သူရဲ့ အထင်အမြင်ကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Chelsea Chronicle

ဇာကာရီယာက “အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင် ၆နာရီအလိုအထိ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် မသိခဲ့ဘူး။ ဂျုဗင်တပ်စ်အသင်းက ကစားပုံ နိမ့်လွန်းပါတယ်။ သူတို့က အမြဲတမ်း အမှတ်ပေးဇယားထိပ်မှာ အမြဲ ရပ်တည်နေသင့်ပြီး ပွဲစဉ်တိုင်းကိုလည်း (၃)ဂိုးပြတ်တွေနဲ့ အနိုင်ရသင့်ပါတယ်။ ကျွန်တော်ကတော့ တူရင်မြို့မှာထက် အင်္ဂလန်မှာပဲ ပိုပျော်မယ်လို့ ထင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်ခံစစ် ကစားသမားဖြစ်သူ ဇာကာရီယာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ မိုချန်ဂလာဘတ်ကနေ ဂျုဗင်တပ်စ်အသင်းဆီကို ယူရို(၁၀)သန်းဝန်းကျင်ခန့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂျုဗင်တပ်စ် ကစားသမားအဖြစ် ဖြတ်သန်းခဲ့ရတဲ့ ပြိုင်ပွဲစုံ (၁၅)ပွဲသာ ပါဝင်ခဲ့ရပါတယ်။ အာဆင်နယ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ပက်ထရစ်ဗီအဲရာရဲ့ ကစားပုံ တူညီတယ်လို့ ခိုင်းနှိုင်းခံထားရတဲ့ ဇာကာရီယာဟာ ကွင်းလယ်နေရာအစုံမှာ ကစားတတ်သူဖြစ်ပြီး လိုအပ်ရင် ဗဟိုခံစစ်မှူးအဖြစ်နဲ့ပါ ကစားတတ်သူလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ ချယ်လ်ဆီးဘက်က ဒဏ်ရာတွေ မကြာခဏ ရရှိနေတတ်ပြီး fitness ပိုင်းလည်း သိပ်မကောင်းလှသူဖြစ်တဲ့ အန်ဂိုလိုကွန်တေရဲ့ နေရာမှာ ယာယီ အစားထိုးနိုင်ဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အသင်းမှာ ကစားခွင့်မရသေးပဲ international break အပြီးမှာတော့ ကစားခွင့်တွေ စတင် ရရှိလာမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version