ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ လက်ရှိမှာ free agent player တစ်ဦး ဖြစ်နေရတဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံ ကစားသမား ဝီးလ်ဖရက်ဒ်ဇာဟာက သူ့အနေနဲ့ ဟန်းနီးမွန်း ခရီးစဉ်က အပြန်မှာပဲ သူရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်တစ်ခု ချမှတ်သွားမယ်လို့ သိရပါတယ်။

ပဲလေ့စ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း ပါဝင် ကစားခဲ့ဖူးသူ အသက် (၃၀)အရွယ် တောင်ပံကစားသမား ဇာဟာက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး ပဲလေ့စ်ဘက်က သူတို့ ကစားသမားကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဇာဟာကိုယ်တိုင်ကတော့ အတွေ့အကြုံသစ်တွေ လိုချင်တာကြောင့် ပဲလေ့စ် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

Photo Credit : Twitter

ပဲလေ့စ်က ဇာဟာကို တစ်ပတ်လုပ်ခ ပေါင် (၂)သိန်းနဲ့ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ရာ ဇာဟာက ပယ်ချခဲ့ပြီး နောက်တစ်ရက်မှာပဲ သူနဲ့ နှစ်ရှည်လများစွာ ချစ်ကြိုက်နေသူ ဘန်နီစတာနဲ့ မင်္ဂလာဆောင်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဇာဟာ နဲ့ ဘန်နီစတာတို့ ပူပူနွေးနွေး အကြင်လင်မယား စုံတွဲက ပျားရည်ဆမ်း ခရီး ထွက်နေကြပြီး ဒီခရီးကနေ ပြန်လာမှသာ ဇာဟာက သူရဲ့ အသင်းသစ်ကို သေချာ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၃၀၀)နီးပါးလောက်အထိ ပါဝင် ကစားထားခဲ့တဲ့ ဇာဟာလို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ပီအက်စ်ဂျီ လာဇီယိုတို့အပြင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းတွေက ခေါ်ယူချင်နေကြပြီး နာပိုလီ ပီအက်စ်ဂျီ နဲ့ ဂါလာတာစာရေးအသင်းတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ဇာဟာရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားခဲ့ပါသေးတယ်။ ဒါကြောင့် ဇာဟာအနေနဲ့ ဘယ်အသင်းကိုများ ရွေးချယ်သွားမလဲဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းနေပါတယ်။