အာဆင်နယ်အသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမားဝဲလ်ဖရက်ဇာဟာဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ နွေစျေးကွက်အတွင်းမှာပဲ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ သူအရမ်းသဘောကျခဲ့ရတဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆွေးနွေးမှုတွေပါ လုပ်ဆောင်ခဲ့ရပေမယ့် အဆုံးသတ်မှာ အာဆင်နယ်ဘက်က ဇာဟာထက် ဇာဟာရဲ့ အိုင်ဗရီကိုစ့် အသင်းဖော်တစ်ယောက်ဖြစ်တဲ့ နီကိုလပ်စ်ပေပေကိုသာ လိုင်လီကနေပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အသက်(၂၈)နှစ်အရွှယ်ရှိ တောင်ပံကစားသမား ဇာဟာက “ကျွန်တော် အဲ့ဒီတုန်းက အူနိုင်းအမ်မရီနဲ့ စကားပြောဆိုခဲ့ရပါတယ်။ သူပြောတယ်။ သူ ကျွန်တော်ကစားတာတွေကိုလည်း မြင်ဖူးတယ်။ ကျွန်တော်က ဘယ်အခြေအနေမျိုးမှာမဆို ပွဲတစ်ပွဲကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကိုလည်း သူသိတယ်။ ကျွန်တော့်ကို ပိုင်ဆိုင်ဖို့ကိုလည်း ဆန္ဒရှိတယ်လို့ သူပြောတယ်။ ကျွန်တော်ကလည်း ဒီကို ကျွန်တော်လာရောက်ဖို့လည်း ဆန္ဒရှိတယ်လို့ ပြန်ပြောခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့က ကျွန်တော့်ကို ကျော်လွန်ပြီး ပေပေကိုပဲ ရွေးချယ်သွားခဲ့တယ်” လို့ ပြန်လည်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဇာဟာကိုကျော်လွန်ပြီး အာဆင်နယ်ကို ရောက်ရှိလာတဲ့ ပေပေကတော့ သူရဲ့မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးကနေ ဖြစ်ပေါ်လာတဲ့ ဖိအားဒဏ် သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ နေရာသစ်က ဖိအားဒဏ်တွေကြောင့် အခုချိန်ထိကို အာဆင်နယ်အတွက် အားထားရလောက်တဲ့ ကစားသမားတစ်ယောက်အဖြစ် မသတ်မှတ်ခံရသေးသလို အပြောင်းအရွှေ့မှာ ဂျင်းထည့်ခံလိုက်ရတဲ့ ခေါ်ယူမှုအဖြစ်နဲ့ပါ သတ်မှတ်ထားကြပါတယ်။ ဇာဟာကိုယ်တိုင်ကလည်း ကလပ်အသင်းတွေအနေနဲ့ သူတို့နဲ့ လက်တစ်ကမ်းအကွာလောက် ရှိလို့နေတဲ့ ကစားသမားတွေထက် သူတို့နဲ့အလှမ်းဝေးလွန်းတဲ့ နေရာတစ်နေရာက ကစားသမားတွေကို ပိုပြီးစိတ်ဝင်တစားနဲ့ ခေါ်ယူနေကြတာဟာ ဦးနှောက်မရှိသလိုပဲလို့ပါ ဝေဖန်သွားခဲ့ပါတယ်။ ဇာဟာက “ဘရာဇီးလိဂ် ဒါမှမဟုတ် တခြားသော လိဂ်တစ်ခုခုကနေ ပြောင်းရွှေ့လာတဲ့ ကစားသမားတွေကို သင်မြင်ဖူးမှာပါ။ သူတို့တွေက ကလပ်အသင်းတွေကို ပိုပြီးတော့ ဆွဲဆောင်နိုင်ကြတယ်။ ဒါပေမယ့် သင့်အသင်းက ပရီးမီးယားလိဂ်က ကလပ်အသင်းဖြစ်နေမယ်ဆိုရင် သင်က အပတ်စဉ်တိုင်း ဒီလိဂ်က ကစားသမားတွေရဲ့ ကစားပုံတွေကို ရင်းနှီးနေမှာလေ။ ဘယ်ကစားသမားက ဘယ်လိုစွမ်းဆောင်နိုင်လဲဆိုတာကိုလည်း သိနေမှာပဲလေ။ ဆိုတော့ ဒါကိုမှ တခြားလိဂ်က ကစားသမားကိုပဲ ခေါ်ယူဖို့ပဲ လုပ်ဆောင်နေတယ်ဆိုတာက ဦးနှောက်မရှိသလိုမျိုးပဲ။ တခြားလိဂ်တွေက ပရီးမီးယားလိဂ်နဲ့ ခြားနားမှုတွေ ရှိနေတတ်တယ်လေ” လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။