MySport Myanmar

ယူနိုက်တက်မှာ မအောင်မြင်ခဲ့ခြင်းက သူ့ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေတယ်လို့ ဇာဟာ ဆို

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခွင့် မရရှိခဲ့ပဲ အသင်းကနေပါ ထွက်ခွာခဲ့ရခြင်းတွေက သူရဲ့ ကစားသမားဘဝကို မထိခိုက်သွားခဲ့တဲ့အပြင် သူ့ကို ပိုကောင်းတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာစေခဲ့ရတယ်လို့ ယူနိုက်တက် ကစားသမားဟောင်း ဇာဟာက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၁၀)နှစ်ခန့်တုန်းက ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက ဇာဟာက ယူနိုက်တက်အတွက် စုစုပေါင်း (၄)ပွဲသာ ပါဝင်ကစားခဲ့ရပြီး ကာဒစ်ဖ်အသင်းဆီ အငှားချခံခဲ့ရသလို အသင်းဟောင်း ပဲလေ့စ်ဆီ ပြန်လည် ရောင်းချခံခဲ့ရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ အသက် (၃၀)အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဇာဟာက ဂါလာတာစာရေးအသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် ဒီကနေ့မှာပဲ အသင်းဟောင်း ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို ပြန်လည် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

“လက်တွေ့ကျကျ ပြောရရင် ကျွန်တော်က ကစားသမားဘဝကို နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် တည်ဆောက်လို့ ရနိုင်မယ့်နေရာ ဒါမှမဟုတ် ကစားသမားဘဝ ဆုံးဆုံးမြှပ်သွားမယ့် နေရာကို ရောက်သွားခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ကစားသမားဘဝကို ဒီလို ပုံစံနဲ့ အဆုံးမသတ်ချင်ပါဘူး။”

Photo Credit : Sporting Sun

“ဒီလိုတွေ ဖြစ်လာခဲ့ရတာက ကျွန်တော်ရဲ့ ကစားသမားဘဝကို ပိုကောင်းသွားအောင် လုပ်ပေးလိုက်သလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ ကျွန်တော် ပြောင်းရွှေ့ခဲ့တဲ့ အသင်းမှာ အဆင်မပြေနိုင်ခဲ့ဘူးဆိုရင် အပြောင်းအလဲ လုပ်ဆောင်ရင်း ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ စိတ်ပိုင်းဖြတ်ထားလို့ပါပဲ။”

“ကိုယ်ရောက်ချင်တဲ့ နေရာထိ ရောက်ရှိဖို့ကိုပဲ ဆုံးဖြတ်ထားခဲ့တယ်။ အခုဆိုရင်တော့ ကျွန်တော် ဒီနေရာကို ရောက်ရှိနေခဲ့ပါပြီ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဇာဟာဟာ ဒီနွေမှာပဲ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ရင်း နောက်ဆုံးမှာတော့ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးကိုသာ ရွေးချယ်ခဲ့ပြီး သူအရမ်းကစားချင်နေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးပါ ဆင်နွဲခွင့် ရရှိနေပြီပဲ ဖြစ်ပါတယ်။

Exit mobile version