ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက အာဆင်နယ် အဲဗာတန်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမား ဝဲလ်ဖရက်ဒ်ဇာကို လက်ရှိမှာလည်း သူ့ကို ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူသွားဖို့အတွက် တဖန်စိတ်ဝင်စားမှုတွေ ပြန်လည်ပြသလာခဲ့ပြီလို့ 90Mins အားကစားသတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : MSN

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းဇာဟာဟာ နွေစျေးကွက်တုန်းက အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း အာဆင်နယ်က သူ့အစား ပေပေကိုသာ ခေါ်ယူဖြစ်ခဲ့သလို အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းချက်ကိုလည်း ပဲလေ့စ်ဘက်ကနေ ပြောင်းရွှေ့ကြေးနည်းပါးလွန်းတယ်ဆိုပြီး ပယ်ချခဲ့တာကြောင့် ဇာဟာအနေနဲ့ ပဲလေ့စ်မှာပဲ ဆက်လက်ကျန်ရစ်နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဇာဟာက နာမည်ကျော် စူပါအေးဂျင့် ဇာဟာဗီနဲ့ လက်တွဲလိုက်ပြီးနောက်မှာတော့ အခုလို ပီအက်စ်ဂျီအသင်းနဲ့ပါ သတင်းထွက်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : PSG Talk

စူပါအေးဂျင့်တစ်ဦးဖြစ်တဲ့ ဇာဟာဗီဟာ နေမာကို ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွွှေှ့ရမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအထိရအောင် စွမ်းဆောင်ပေးထားခဲ့တဲ့ နာမည်ကြီး ဘောလုံးအေးဂျင့်တစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကမှ ဇာဟာနဲ့ လက်တွဲဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ ဇာဟာဗီက ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူဖြစ်လို့ ပီအက်စ်ဂျီဘက်ကသာ ဇာဟာကို အမှန်တကယ် အလိုရှိနေတာဆိုရင်တော့ အပြောင်းအရွှေ့က ဖြစ်လာနိုင်စရာ ရှိပါတယ်။ ပီအက်စ်ဂျီအနေနဲ့ကလည်း လာမယ့်ရာသီမှာ ကာဗာနီကို လက်လွတ်ရတော့မှာဖြစ်သလို နေမာနဲ့ ဘာပေတို့ရဲ့ အနာဂတ်အခြေအနေတွေကလည်း မသေချာ မရေရာဖြစ်နေတာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ချင်မှာ သေချာပါတယ်။ လတ်တလောမှာတော့ ပီအက်စ်ဂျီဟာ အင်တာမီလန်က အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးအီကာဒီကို အပြီးသတ်ခေါ်ယူထားသလို လာဇီယိုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မီလန်ကိုဗစ်ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။