စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ယက်စ်တီ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ အဓိက ပစ်မှတ် တိုက်စစ်မှူး အဖြစ် သတင်းကြီးနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ဟာ သူတို့အသင်း အတွက် အရမ်းကို ခက်ခဲတဲ့ ကိစ္စရပ် တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသလို သူ့ကို ခေါ်ယူချင်ပါက ပေးချေရမယ့် ပြောင်းရွှေ့ကြေးကလည်း ယူရို ၈၀သန်း ဝန်းကျင်သာ ရှိတာကြောင့် ဥရောပ အသင်းကြီး အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ဟာလန်းကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး အဆိုပါ အသင်း၃သင်း အနက် ဘာစီလိုနာဟာ ဘဏ္ဍာရေး အင်အား အနည်းပါးဆုံး အသင်း ဖြစ်တာကြောင့် ဟာလန်းကို ခေါ်ယူနိုင်ဖို့ မလွယ်ကူပါဘူး။

ဘာစီလိုနာရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ ယက်စ်တီကလည်း သူတို့အသင်းအနေနဲ့ အာလင်း ဟာလန်းကို ခေါ်ယူဖို့ မလွယ်ကူတော့ကြောင်းကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: AS English

ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ယက်စ်တီက – “ကျွန်တော်တို့က ဟာလန်းကို ခေါ်ဖို့ မဖြစ်နိုင်တော့ဘူး လို့ အတပ်တော့ မပြောနိုင်သေးပါဘူး။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်လာနိုင်တယ်လေ။ ဒါပေမယ့် ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့က အရမ်းကို ခက်ခဲပါတယ်။ ပြီးတော့ ကျွန်တော်တို့က ကိုယ့်ရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိခိုက်စေမယ့် အပြောင်းအရွှေ့ကိုလည်း မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ အတည်ပြု ပြောကြားသွားခဲ့တာပါ။