ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ တိုင်လီမန်းကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ နှစ်သင်းစလုံးရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် အာဆင်နယ်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုကွင်းလယ်လူ တိုင်လီမန်းက အန်ဒါလက်ချ်ကနေ လက်စတာ စီးတီးထံ ရောက်ရှိလာခဲ့ပြီးနောက် သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်သူပဲ ဖြစ်ပါတယ်။

 

Photo Credit: Mirror

ဒါကြောင့်ပဲ လက်စတာ စီးတီးက သူတို့ရဲ့ အဓိက ကွင်းလယ်လူ တိုင်လီမန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ပေမယ့် တိုင်လီမန်းကတော့ လက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကို ငြင်းဆန်ခဲ့သလို လက်စတာ စီးတီးကနေ ထွက်ခွာကာ ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး လက်စတာကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ တိုင်လီမန်းကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ စဉ်းစားထားပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် နှစ်သင်းစလုံးက တိုင်လီမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူတွေကလည်း တိုင်လီမန်းရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြပါတယ်။

Photo Credit: Mirror

ဒါပေမယ့် တိုင်လီမန်းကတော့ ဒီဂျောင်နဲ့ အဲရစ်ဆင်တို့ကို ခေါ်ယူဖို့ ကြိုးစားနေသလို ဖာနန်ဒက် ၊ ဖရက်ဒ် ၊ တော်မီနေးတို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းချင်ပဲ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် တနေရာစာ သေချာတဲ့ အာဆင်နယ်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျာကော့ဘ်က ဆိုပါတယ်။

ဂျာကော့ဘ်ရဲ့ အဆိုအရ တိုင်လီမန်းဟာ ယခုနှစ် နွေဈေးကွက် စတင်ချိန်ကတည်းက အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးနဲ့ တွေ့ဆုံ ဆွေးနွေးကာ သူ့ရဲ့ အနာဂတ် အတွက် ဆွေးနွေးခဲ့ပြီး အာဆင်နယ်ဆီ ပြောင်းဖို့လည်း ခေါင်းညိတ်ထားပေမယ့် အာဆင်နယ်ကတော့ တိုင်လီမန်းအတွက် လက်စတာ စီးတီးဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ အလှမ်းဝေးနေတာ ဖြစ်ကြောင်း သိရပါတယ်။