ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းရဲ့ ဝါရင့် တောင်ပံ ကစားသမားကြီး အက်ရှလေယန်း ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကွင်းလယ်လူ ဗာရက်တီကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဗာရက်တီဟာ ပြင်သစ် လီဂူးဝမ်းရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ကစားသမား တဦးပါ။

Photo Credit: Express

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မိုက်ကယ်ကာရစ် ထွက်ခွာသွားပြီးနောက် အားနည်းနေတဲ့ အသင်းရဲ့ ကွင်းလယ်ဗဟိုနေရာ အတွက် ထိပ်တန်း ကွင်းလယ်လူ တဦးကို ရှာဖွေနေပြီး ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်ဗင်ဖီးလစ်တို့ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကာလရှည် ကစားခဲ့ကာ ဆုဖလား အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့တဲ့ ဝါရင့် တောင်ပံကစားသမားကြီး အက်ရှလေယန်း ကတော့ သူဟာ ပီအက်စ်ဂျီအသင်းက မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို ကြည့်မိကြောင်းနဲ့ အဆိုပါပွဲစဉ်မှာ ပြသခဲ့တဲ့ ဗာရက်တီရဲ့ ခြေစွမ်းဟာ ကာရစ်ကို ပြန်လည် သတိရစေကြောင်း ပြောကြားကာ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ဗာရက်တီကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဗာရက်တီကို ခေါ်ယူသင့်ကြောင်းကို အက်ရှလေယန်းက – “ ယူနိုက်တက်မှာ မိုက်ကယ်ကာရစ်လို ကစားနိုင်မယ့်သူမျိုး ပျောက်ဆုံးနေတာ ကြာပါပြီ။ ယူနိုက်တက်က ကာရစ်ရဲ့နေရာကို အစားဝင်နိုင်မယ့် ကစားသမားမျိုး အခုထိ မခေါ်နိုင်သေးပါဘူး။ ဖရက်ဒ်နဲ့ တော်မီနေးတို့က ကစားသမားကောင်းတွေ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူတို့က ကာရစ်လို မကစားနိုင်ကြပါဘူး။ ကျွန်တော် ပီအက်စ်ဂျီနဲ့ မန်စီးတီးပွဲကို ကြည့်မိခဲ့ပြီး ဗာရက်တီက ကာရစ်နဲ့ အနီးစပ်ဆုံး ဆင်တူတဲ့ ကစားသမား ဆိုတာ သိခဲ့ရပါတယ်။ ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သူ့ကိုသာ ခေါ်နိုင်ခဲ့ရင် အကောင်းဆုံး ခေါ်ယူမှု တခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။