မန်ချက်စတာစီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအထိ ပါဝင်ကစားခဲ့တဲ့ ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဒေးဗစ်ဆေးဗားကတော့ အခုဆိုရင် အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကာ သူရဲ့အမိမြေ စပိန်နိုင်ငံကို ပြန်သွားပြီး စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ သွားရောက်ကစားဖို့ သဘောတူညီမှု ရယူခဲ့ပြီဖြစ်တယ်လို့ နိုင်ငံတကာက အားကစားသတင်းများစွာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

လာဇီယိုအသင်းဆီကို ရောက်ရှိဖို့ နီးစပ်ခဲ့ပြီးမှ ဆိုစီဒက်အသင်းဆီကို အံ့အားသင့်စဖွယ် ပြောင်းရွှေ့သွားခဲ့တဲ့ ဆေးဗားဟာ သူရဲ့အသင်းဟောင်းမန်စီးတီးအသင်းမှာ ၂၀၁၀ခုနှစ်ကနေ စတင်ပါဝင်ကစားခဲ့သူဖြစ်ပြီိး အသင်းနဲ့အတူ အောင်မြင်မှုတွေများစွာကိုလည်း အရယူနိုင်ခဲ့ပါတယ်။ အသင်းကနေ ထွက်ခွာရတော့မယ့်အချိန်မှာ ဆေးဗားဟာ သူရဲ့တွစ်တာကနေ အသင်းရဲ့ပရိသတ်တွေအတွက် နှုတ်ဆက်စာရှည်ကြီးနဲ့အတူ နှုတ်ဆက်သွားခဲ့ပြီး အဲ့ဒီစာထဲမှာ မန်ချက်စတာမြို့ရဲ့ရာသီဥတုကိုပါ နောက်ပြောင်ထားပြီး မန်စီးတီးကလည်း သူရဲ့ရင်ထဲမှာ အမြဲရှိနေမယ့်အသင်းလို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်ကစားသမားကြီး ဆေးဗားဟာ ၂၀၁၀ ဇွန်လကမှ ဗလင်စီယာအသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက စတင်ကာ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ဆေးဗားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ(၄)ကြိမ် အက်အေဖလားချန်ပီယံ(၂)ကြိမ်နဲ့ လိဂ်ဖလား(၅)ကြိမ်စီ အရယူနိုင်ခဲ့ပါတယ်။ ဆေးဗားဟာ မန်စီးတီးအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း တစ်ဦးချင်းဆုတံဆိပ်တွေကိုလည်း များစွာပိုင်ဆိုင်ခဲ့ပြီး အသင်းရဲ့သမိုင်းတလျှောက် အင်္ဂလန်ပြည်ပ ကစားသမားတွေထဲမှာ အသင်းအတွက် ပွဲအများဆုံး ကစားပေးထားနိုင်သူအဖြစ်နဲ့လည်း မှတ်တမ်းတင်ခံထားရပါတယ်။ အသင်းနဲ့ လမ်းခွဲရမယ့် ဆေးဗားက သူရဲ့တွစ်တာမှာ အသင်းနဲ့ပတ်သက်ပြီး မမေ့နိုင်စရာအကြောင်းတွေကို ရေးသားဖော်ပြသွားခဲ့သလို အသင်းဟောင်းဖြစ်သွားခဲ့ပြီဖြစ်တဲ့ မန်စီးတီးအသင်းကလည်း သူရဲ့နှလုံးသားထဲမှာ ထာဝရနေရာယူထားမှာဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဆေးဗားဟာ သူရဲ့တစ်ဦးတည်းသော ရင်သွေးလေးဖြစ်တဲ့ သားလေးမက်တီအိုကိုလည်း မန်ချက်စတာမြို့မှာ မွေးဖွားခဲ့တာဖြစ်လို့ မိုးရွှာပြီး စိုထိုင်းနေတတ်တဲ့ ရာသီဥတုမျိုး ဖြစ်နေပေမယ့်လည်း မန်ချက်စတာကို ချစ်မြတ်နိုးတယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။