မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ကစားသမား ကယ်ဗင်ဒီဘရိုင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့အကောင်းဆုံးသောခြေစွမ်းတွေကို ထုတ်ဖော်ပြသနိုင်ခဲ့လို့ သူ့ကို လူတော်တော်များများက ဘလွန်းဒီအောဆုရဲ့Top 3 ထဲလောက်အထိ ပါဝင်လာဖွယ် ရှိတယ်လို့တောင် ခန့်မှန်းလာခဲ့ကြပေမယ့် ဘလွန်းဒီအောဆုကို ဒီနှစ်မှာ မချီးမြှင့်ဖြစ်တော့ဘူးလို့ ကြေညာလာခဲ့လို့ ဒီဘရိုင်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား(၃)ယောက်စာရင်းထဲဝင်ဖို့ ကံဆိုးစွာနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ သူရဲ့စွမ်းဆောင်ရည်တစ်ခုကနေ ဆုတစ်ခုကိုတော့ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒါကတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးဖန်တီးမှုအများဆုံးဆု ဖြစ်ပါတယ်။ ဒီဘရိုင်းဟာ တစ်ရာသီအတွင်းမှာ ဂိုးဖန်တီးမှုပေါင်း အကြိမ်(၂၀)အထိ လုပ်ဆောင်နိုင်ခဲ့လို့ တချိန်တုန်းက အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူးကြီး သီယာရီအွန်နရီ ရယူထားနိုင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးဖြစ်တဲ့ အကြိမ်(၂၀)စံချိန်ကိုပါ လိုက်မှီသွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းကတော့ သူက အွန်နရီစံချိန်နဲ့ တူညီသွားရုံတင်မကပဲနဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပြီး ဖန်တီးမှု(၂)ကြိမ်ကို ခွင့်မပြုခဲ့လို့ စံချိန်သစ်နဲ့ လွဲခဲ့ရတာလို့ ဆိုပါတယ်။

Photo Credit : Sky Sports

ဒီဘရိုင်းဟာ ဒီဇင်ဘာလတုန်းက မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းရဲ့အသင်းရဲ့တိုက်စစ်ကစားသမား ရာဟင်စတာလင်းကို ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပေမယ့် အာဆင်နယ်ကစားသမားတွေနဲ့ ဘောလုံးက အနည်းထိသွားခဲ့သလို ပြီးခဲ့တဲ့ ဇွန်လတုန်းက အာဆင်နယ်အသင်းနဲ့ပဲ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲအတွင်း စတာလင်းအတွက် ဖန်တီးပေးခဲ့ရာမှာ ဒေးဗစ်လုဇ်နဲ့ထိသွားခဲ့လို့ အဲ့ဒီ ဂိုးဖန်တီးမှု(၂)ကြိမ်လုံးကို ထည့်တွက်မခံခဲ့ရတာဖြစ်ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ဒီဘရိုင်းက “ကျွန်တော်က ဂိုးဖန်တီးမှုကို (၂)ကြိမ်လောက် ထပ်ရခဲ့သင့်တာ။ သူတို့တွေ ကျွန်တော့်ဆီကနေ ဒီ(၂)ကြိမ်ကို ရယူသွားခဲ့တယ်။ ဒီဟာတွေသာ ထည့်တွက်ခံရမယ်ဆိုရင် အွန်နရီစံချိန်ကို ရိုက်ချိုးနိုင်လိုက်မှာ။ ကျွန်တော့်အသင်းဖော်တွေအတွက် ဂိုးတွေဖန်တီးပေးမယ်။ သူတို့က ဒါကို ဂိုးအဖြစ် ပြောင်းလဲမယ်။ ကျွန်တော်ရဲ့ဖန်တီးမှုတိုင်းကို သူတို့ဘက်ကနေ အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင် ကျွန်တော်အရမ်းဝမ်းမြောက်ရတယ်။ အခုလို အွန်နရီ ဂိုးဖန်တီးမှုစံချိန်ခြင်း တူညီသွားခဲ့ရတဲ့အပေါ်မှာလည်း ကျွန်တော်ပျော်ရွှင်နေပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ ဒီဘရိုင်းအတွက် မန်စီးတီးအသင်းအတွက် စုစုပေါင်း ဂိုးဖန်တီးမှုပေါင်း (၆၆)ကြိမ်အထိတောင် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။