မတ်လ(၇)ရက်နေ့က ကျင်းပခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ အသင်းရဲ့ဥက္ကဌသစ် ယိုအန်လာပေါ်တာကတော့ အသင်းကို တကျော့ပြန် ပြန်လည်အုပ်ချုပ်ရချိန်မယ့်အချိန်မှာ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ အဆင့်သင့်ဖြစ်နေကြောင်းနဲ့ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီကိုလည်း အသင်းမှာ ဆက်ရှိနေအောင် ဘာမဆို ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Blaugranagram

ဘာစီလိုနာအသင်းကို ၂၀၀၃ခုနှစ်ကနေ ၂၀၁ဝခုနှစ်အထိ အသင်းဥက္ကဌအဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ ဘာစီလိုနာမြို့သား လာပေါ်တာဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မက်ဆီနဲ့ အလွန်ရင်းနှီးသူဖြစ်ပြီး အခုလို အသင်းရဲ့ ဥက္ကဌအဖြစ် နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခံရချိန်မှာ မက်ဆီကလည်း အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်လျက်ရှိနေတာကြောင့် ဒီအခြေအနေတွေကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်သွားဖို့ လာပေါ်တာဘက်ကနေ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး လာပေါ်တာက “ကျွန်တော်ဒီမှာ ဆုံးဖြတ်ချက်တွေကို ချမှတ်ရဖို့ ရှိနေပါတယ်”

Photo Credit : Goal

“လီယိုကို အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် စည်းရုံးခြင်းမျိုးလိုပေါ့။ သူ ဒီမှာရှိနေခြင်းက အသင်းအတွက် အားသာချက်တစ်ခု ဖြစ်နေတာကို သူလည်းသိပါတယ်။ ကျွန်တော်လည်း သူ့အပေါ် ဘယ်လောက်အထိ ခင်မင်တွယ်တာသလဲဆိုတာကိုလည်း သူသိမှာပါ။ ကျွန်တော်တို့အားလုံး သူ့ကို အသင်းမှာ ဆက်လက်ရှိနေစေဖို့အတွက် ဘာမဆိုကြိုးစားလုပ်ဆောင်သွားမှာပါ။ သူလည်း ဒီကနေ ထွက်သွားလို့ မဖြစ်ဘူးဆိုတာကို သိထားမှာပါ။ ဒီကပ်ဘေးကြီးသာ ပြီးဆုံးသွားခဲ့ပြီဆိုရင် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေက အရင်လို ပြန်လည်တောင့်တင်းလာမှာပါ။ ဒါက သေချာပါတယ်။ အသင်းကိုလည်း အကောင်းဆုံး ပြန်လည်တည်ဆောက်မယ်။ အသင်းကလည်း ပြန်လည်အားကောင်းလာမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာလည်း လာပေါ်တာဟာ မက်ဆီကို အသင်းမှာ ဆက်လက်ရှိစေရေးအတွက် မက်ဆီရဲ့ လက်ရွေးစင်အသင်းဖော်ဖြစ်သူ ဆာဂျီယိုအဂွဲရိုးကို မန်စီးတီးအသင်းကနေ ခေါ်ယူပေးသွားဖို့အထိပါ ပြင်ဆင်လျက်ရှိနေတဲ့အပြင် ဖီလစ်ပီကော်တင်ဟိုနဲ့ အန်ထရန်ဂရီးဇ်မန်းတို့ကိုလည်း အသင်းကနေ ရောင်းချပြီး ကစားသမားသစ်တချို့ ပြန်လည်ခေါ်ယူဖွယ် ရှိနေပါတယ်။