လီဗာပူးလ်အသင်းအတွက် နှစ်ပေါင်းသုံးဆယ်လောက် ဝေးကွာလို့နေတဲ့ အင်္ဂလန်အမှတ်ပေးဖလား (ပရီးမီးယားလိဂ်ဆုဖလားကြီး)ကို အရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီးယာဂင်ကလော့ကတော့ လတ်တလောမှာ အသင်းနဲ့ အရမ်းကို သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူအနေနဲ့တောင် အခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းက သူ့ကို အသုံးစရိတ်ဘယ်လောက်အထိပဲ သုံးစွဲခွင့်ပြုလာမလဲဆိုတာကိုတောင် မသိရသေးဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

လီဗာပူးလ်အသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှု သိပ်မရှိသေးလှပဲ အသင်းနဲ့ အတော်လေးကို သတင်းထွက်ခဲ့တဲ့ တီမိုဝါနာကိုလည်း မခေါ်ယူနိုင်ခဲ့သလို အခုလတ်တလောမှာလည်း ကောလဟာလ သတင်းတွေများစွာ ထွက်ပေါ်နေတဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုကိုလည်း ခေါ်ယူဖို့က ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး လီဗာပူးလ်ဘက်ကနေ စျေးဆစ်လွန်းနေတာကြောင့် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့က ကြန့်ကြာနေရပါတယ်။ ဒီလို အပြောင်းအရွှေ့ကြန့်ကြာနေရတာနဲ့ပတ်သက်ပြီး ကလော့က “ကျွန်တော်တို့အသင်းကနေ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတဲ့ ကစားသမားတွေက အများကြီးပါပဲ”

Photo Credit : Daily Mail

“ဒါပေမယ့် တစ်စုံတစ်ယောက်ကို စိတ်ဝင်စားနေပြီဆိုရင်တောင် ကျွန်တော်တို့ဘက်ကနေ ထုတ်ပြောမှာတော့ မဟုတ်ပါဘူး။ အခုကတော့ ကိုရိုနာအချိန်အခါကို ကျရောက်နေတာဆိုတော့ အပြောင်းအရွှေ့တစ်ခုကို မပြုလုပ်ခင်မှာ (၅)ကြိမ်လောက်အထိ စဉ်းစားတွေးတောရပါတယ်။ ဘာလို့လဲဆိုတော့ ကိုရိုနာအပြီးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မသိသေးလို့ပါပဲ။ ကျွန်တော်တို့ကတော့ အသင်းဘဏ္ဍာရေးကို အမြဲတမ်းသတိထားတတ်တဲ့အသင်းပါ။ အခုနွေစျေးကွက်အတွင်းမှာလည်း အသုံးစရိတ် ဘယ်လောက်သုံးစွဲခွင့်ရှိမလဲဆိုတာကိုလည်း ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အခုလက်ရှိ အသင်းရဲ့လူအင်အားအပေါ် အရမ်းကို ကျေနပ်မိပါတယ်။ တကယ်လို့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထပ်မံဖြစ်လာဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အိုလံပီယာကော့စ်အသင်းရဲ့ဂရိလက်ရွေးစင် ဘယ်နောက်ခံကစားသမား ဆီမီကတ်စ်တစ်ယောက်တည်းကိုပဲ ခေါ်ယူထားခဲ့ရပြီး နောက်ခံလူလိုဗရန်ကို ဇင်းနစ်အသင်းဆီ ရောင်းချထားသလို စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ လယ်လာနာကိုလည်း ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုထားခဲ့ပါတယ်။