ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားဟောင်းကြီး ဂျရုန်းရိုသန်က အသင်းရဲ့ ထိပ်တန်းကစားသမား လီယွန်နယ်မက်ဆီအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့ နောက်ပိုင်း အသင်းနည်းပြ မာရီစီယိုပိုချက်တီနိုကို ဆက်သွယ် အကြောင်းကြားမှုတွေ မရှိခဲ့တဲ့အပေါ် ဝေဖန်ပြစ်တင်စကား ဆိုသွားခဲ့ပြီး နည်းပြအပေါ်မှာ လေးစားမှု ရှိသင့်တယ်လို့ပါ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bein Sports

မက်ဆီဟာ အားလပ်ရက်ကာလမှာ သူရဲ့မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံကို ပြန်သွားခဲ့ပြီး မိသားစုဝင်တွေနဲ့အတူ အားလပ်ရက်ကို ဖြတ်သန်းနေရင်းနဲ့ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရတာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ဖလားပွဲကိုပါ လွဲချော်ခဲ့ရပါတယ်။ ဒီလို ကူးစက်ခံရပြီးနောက် မက်ဆီအနေနဲ့ Covide-19 Negative ဖြစ်သွားခဲ့ပြီလို့ ပီအက်စ်ဂျီအသင်းဘက်ကနေ တရားဝင် ထုတ်ပြန်မှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် လာမယ့် လိုင်ယွန်အသင်းနဲ့ လီဂူးပွဲစဉ်ကို ပါဝင်ကစားနိုင်မနိုင်ဆိုတာ အသေအချာ မသိရသေးသလို ပြင်သစ်ဖလား ပွဲစဉ်အပြီးမှာလည်း နည်းပြပိုချက်တီနိုက သူ့ဆီကို မက်ဆီ ဆက်သွယ်ပြောဆိုမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ဒီလို နည်းပြကို ဆက်သွယ် အကြောင်းကြားမှုတွေ မပြုလုပ်တဲ့ မက်ဆီကို ပီအက်စ်ဂျီ တောင်ပံကစားသမားဟောင်း ရိုသန်က ဝေဖန်ပြစ်တင်ခဲ့ပြီး “မင်းရဲ့နည်းပြကို မင်းဘက်ကနေ လေးစားသမူ ရှိရမယ်လို့ ငါယူဆတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေ ကြုံတွေ့လာတဲ့အခါမျိုးမှာဆိုရင် မင်းက ကြယ်ပွင့်ကစားသမားတစ်ယောက် ဖြစ်နေနေ မဖြစ်နေနေ အားလုံးရဲ့အထက်မှာတော့ နည်းပြရှိနေတယ်။ နည်းပြဆိုတာက အသင်းတစ်သင်းကို တည်ဆောက်ပေးနေတဲ့သူ။ ဒီမှာဆိုရင် ပိုချက်တီနိုပေါ့။ သူရဲ့ ပြောစကားအရဆိုရင် မက်ဆီ ဘယ်နေရာမှာ ရှိနေသလဲ သူမသိရဘူးဆိုတော့ ဒါက မက်ဆီအနေနဲ့ သူဖြစ်ပျက်နေတာတွေကို ပိုချက်တီနိုဆီ ဖုန်းဆက်ပြီး အကြောင်းကြားတာမျိုး မရှိဘူးဆိုတာ သိသာပါတယ်။ နည်းပြဆိုတာက သူလုပ်ချင်တာ ဘာမဆိုကို လုပ်ဆောင်နိုင်ပါတယ်။ ဒီကိစ္စက နည်းနည်း စိတ်ပျက်စရာတော့ ကောင်းနေတယ်။ ဒါမျိုးကို မက်ဆီလို ကစားသမားမျိုးဆီကနေ မြင်တွေ့ရတာက ပိုပြီးတောင် တုန်လှုပ်စရာပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။