ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကတော့ ဒီရာသီမှာ အသင်းနဲ့ အဆင်မပြေမှုတွေ များစွာဖြစ်ပေါ်နေခဲ့ပြီး အခုလည်း သူရဲ့အရင်းနှီးဆုံးအသင်းဖော် လူးဝစ်ဆွာရက်ဇ်ကို စာချုပ်ဖျက်သိမ်းကာ အသင်းကနေ ထုတ်ပယ်လိုက်တဲ့အပေါ် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကို မက်ဆီက စိတ်အရမ်းပျက်လို့နေပြီး ဆွာရက်ဇ်ကို နှုတ်ဆက်ထားတဲ့ စာတွေထဲမှာလည်း သူရဲ့အသင်းဖော်ဟာ ဒီလိုပုံစံမျိုးနဲ့ အသင်းနဲ့လမ်းခွဲဖို့ မထိုက်တန်ခဲ့ဘူးလို့ ရေးသားထားခဲ့ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းရဲ့သမိုင်းတလျှောက် တတိယမြောက် သွင်းဂိုးအများဆုံး သွင်းယူထားသူဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ဟာ ဘာစီလိုနာကို နည်းပြသစ် ရော်နယ်ကိုးမန်း ရောက်ရှိလာချိန်မှာ သူရဲ့အနာဂတ်တွေ မတည်မငြိမ် ဖြစ်လာခဲ့ရပြီး နောက်ဆုံးမှာတော့ ဘာစီလိုနာရဲ့လာလီဂါပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ အသင်းအတွက် အောင်မြင်မှုတွေ သွင်းဂိုးတွေများစွာ ရယူပေးခဲ့တဲ့ ဆွာရက်ဇ်လို ကစားသမားမျိုးကို ဒီလိုပုံစံမျိုးနဲ့ အသင်းက ထွက်ခွာခဲ့စေတဲ့အပေါ် မက်ဆီက အရမ်းကို စိတ်ပျက်နေပြီး ဘာစီလိုနာတာဝန်ရှိသူတွေကို ဝေဖန်ခဲ့ပါတယ်။

Photo Credit : Marca

မက်ဆီက “မင်းက ကလပ်အသင်းရဲ့ သမိုင်းကြောင်းတလျှောက်မှာ အရေးပါဆုံး ကစားသမားတစ်ယောက် အသင်းလိုက်ရော တစ်ဦးချင်းမှာပါ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အဓိက ကစားသမားတစ်ယောက် အဲ့ဒီလိုပုံစံမျိုးနဲ့ပဲ အသင်းကနေ ထွက်ခွာသွားဖို့ ထိုက်တန်ခဲ့တဲ့သူပါ။ သူတို့အခုလို မင်းကို ကန်ထုတ်လိုက်တဲ့ ပုံစံမျိုးနဲ့ ထွက်ခွာခဲ့ရဖို့ လုံးဝမထိုက်တန်ဘူး။ ဒါပေမယ့် တကယ့်အမှန်တရားက ငါ့ကိုလည်း ဘာမှတော့ အ့ံသြအောင် မလုပ်နိုင်ခဲ့ဘူး” လို့ သူရဲ့အင်စတာဂရမ်ပေါ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ မက်ဆီလည်း ဆွာရက်ဇ်လိုပဲ အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်ခဲ့ပြီး မက်ဆီကိုယ်တိုင်က အသင်းကနေ ထွက်ခွာခဲ့ချင်တာဖြစ်ပေမယ့် အသင်းနဲ့က စာချုပ်သက်တမ်း တစ်နှစ်ကျန်ရစ်နေသေးသလို သူရဲ့စာချုပ်လျော်ကြေးပမာဏကလည်း တအားကြီးကို များပြားနေတဲ့အတွက် နောက်ဆုံးမှာ အသင်းပြောင်းချင်စိတ်ကို ပြန်လည်ပြောင်းလဲခဲ့လိုက်ရပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် အသင်းမှာ သူနဲ့ တွဲဖက်အမိဆုံး ကစားသမားတစ်ယောက်ကို အခုလိုပုံစံမျိုးနဲ့ ဆုံးရှံးလိုက်ရတဲ့အပေါ်မှာ မက်ဆီဒေါသထွက်နေမှာတော့ သေချာနေပြီး ကိုးမန်းခေါ်ယူချင်နေတဲ့ ဒီပိုင်းနဲ့လည်း တိုက်စစ်မှာ အတွဲညီညီ ကစားနိုင်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။