စပိန် လက်ရွေးစင် နည်းပြ လူးဝစ် အင်းနရစ်ကတော့ စပိန် လက်ရွေးစင်အသင်းနဲ့ အမေးအဖြေ ပြုလုပ်ပြုလုပ်ခဲ့တဲ့ အချိန်မှာ ဘာစီလိုနာအသင်းကို နည်းပြခဲ့စဉ်က တိုက်စစ်မှူး မက်ဆီကို ဘယ်လိုပုံစံမျိုး လေ့ကျင့်ပေးခဲ့သလဲလို့ အမေးခံရတဲ့ အချိန်မှာ မက်ဆီက ပညာရှင် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ လက်ရှိ စပိန် လက်ရွေးစင် နည်းပြ လူးဝစ် အင်းနရစ်ဟာ စပိန် လာလီဂါ ပြိုင်ပွဲက အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကို လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ၊ (၃) နှစ်ခန့်ကြာ နည်းပြခဲ့ပြီး လာလီဂါ ဆုဖလား (၂) ကြိမ် နဲ့ ကိုပါဒယ်ရေး (၃) ကြိမ် ရယူခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာတော့ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် ဆက်တီယန်ရဲ့ ဦးဆောင်မှု လက်အောက်မှာ အဆင့် (၁) နေရာကို ရရှိထားလျက် ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိရာသီမှာ လာလီဂါ ပြိုင်ပွဲကို မရပ်နားခင်က လာလီဂါ ပွဲစဉ် (၂၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၉) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၂) ကြိမ်အထိ ပြုလုပ်ထားပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် အဓိက ကစားသမား ဖြစ်ပြီး ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်ကတော့ မက်ဆီကို လေ့ကျင့်ပေးစရာ မလိုဘူးလို့ ဆိုပါတယ်။

Photo Credit: Goal

ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်ဟာ မက်ဆီကို ဘယ်လို လေ့ကျင့်ပေးခဲ့သလဲလို့ စပိန် လက်ရွေးစင်အသင်းက မေးတဲ့ အချိန်မှာ သူက “အနည်းငယ်တော့ လေ့ကျင့်ပေးခဲ့တယ်။ ကျွန်တော် မက်ဆီကို ဘယ်လို ဘောလုံးဆွဲပြေးရမယ်၊ ဘယ်လို ဘောလုံး ပေးရမယ်၊ ဘယ်လို ဘောလုံး ကန်သွင်းရမယ် ဆိုတာ ပြောပြစရာ မလိုပါဘူး။ ဘာလို့လဲဆိုရင် သူက အဲဒီလို အပိုင်းမှာ ပညာရှင် ဖြစ်နေပြီးသားပါ။ အဲဒီလို ခေါင်းစဉ်မျိုးနဲ့ ပက်သက်လာရင် မက်ဆီကို အကြံပေးစရာ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို အကျိုးရှိစေနိုင်တဲ့ ကျွန်တော်တို့ အသုံးပြုတဲ့ နည်းစနစ် နဲ့ အခြေအနေတွေကိုတော့ သူ့ကို သေချာ ပြောပြပါတယ်။ ဘယ်လို ဖိအားပေးပြီး ကစားရမလဲ နဲ့ ဘောလုံး လက်ခံဖို့ ဘယ်လို နေရာလွတ်ရှာရမလဲ ဆိုတာကို ပြောပြပါတယ်”လို့ ပြောခဲ့ပါတယ်။