ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေကို ခန့်မှန်းသုံးသပ်လို့နေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဒီနေ့ည (၉)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားကြမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်က တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျမယ်လို့ ခန့်မှန်းခဲ့ပြီး ယူနိုက်တက်အသင်းအနေနဲ့ အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာကို အမြဲတမ်းလိုလို အားကိုးနေလို့ မရနိုင်ဘူးလို့ပါ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goad News

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပွဲစဉ်နဲ့ပတ်သက်ပြီး အိုဝင်က “ပြီးခဲ့တဲ့တစ်ပတ်က လိဒ်စ်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဒေးဗစ်မွိုက်စ်အနေနဲ့ အတော်လေးကို စိတ်ပျက်နေမှာ။ ဟမ်းမားတွေရဲ့ Top 4 တွန်းအားတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ထစ်ငေါ့လာခဲ့ရပြီး အထူးသဖြင့် သူတို့အသင်းအတွက် နိုင်ပွဲရဖို့ ဖြစ်နိုင်ခြေများတဲ့ ပွဲစဉ်မျိုးတွေမှာဆိုရင် ထပ်ပြီး ခြေချော်မှုတွေ အများကြီး ထပ်ဖြစ်လာမယ်ဆိုရင် သူတို့အတွက် ခက်ခဲသွားနိုင်တယ်။ ဒါကြောင့် ဒီပွဲမှာ ဝက်စ်ဟမ်းရဲ့ တုံ့ပြန်မှုကို ကျွန်တော် မျှော်လင့်ထားတယ်။ ထူးဆန်းတာကတော့ သူတို့တွေက ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရတဲ့ အခါမျိုးမှာ ပိုကောင်းနေလေ့ရှိတာပါပဲ။ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျသွားနိုင်ပါတယ်” လို့ ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

Photo Credit : NewsBezzer

ဒါ့အပြင် ဂိုးသမား ဒီဂီယာနဲ့ပတ်သက်ပြီး အိုဝင်က “ဗီလာနဲ့ပွဲတုန်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားမှုက နိုင်ပွဲဆီကို မဆောင်ကျဉ်းနိုင်ခဲ့ပေမယ့် ဘရန့်ဖိုဒ့်နဲ့ ပွဲစဉ်မှာတော့ နိုင်ပွဲပြန်လည် ရှာတွေ့ခဲ့တယ်။ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းမှာကတော့ အခွင့်အရေးတွေ အမာျးအပြား ပေးနေရပါသေးတယ်။ ဒီဂီယာက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အကောင်းဆုံးပုံစံနဲ့ကို လက်စွမ်းပြနေတယ် ဆိုပေမယ့် ပေးဂိုးတွေ နည်းပါးလာဖို့ ပြိုင်ဘက်ရဲ့ ဂိုးကန်သွင်းချက်တွေ ကာကွယ်နိုင်ဖို့အတွက် ဒီဂီယာကိုပဲ အမြဲတမ်း အားကိုးနေလို့ မရနိုင်ပါဘူး” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ ဘရန့်ဖိုဒ့်နဲ့ ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း သူရဲ့ Saves ပေါင်းက (၈၂)ကြိမ်အထိကို ရှိထားခဲ့လို့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ကာကွယ်မှု အများဆုံး ဂိုးသမားအဖြစ်ပါ ထိပ်ဆုံးနေရာမှာပါ ရပ်တည်နေရတာ ဖြစ်ပါတယ်။