၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ အခုဆိုရင်တော့ ရှုံးထွက်(၁၆)သင်းအဆင့်ဆီ ရောက်ရှိနေပြီဖြစ်ပြီး ရှံးထွက်အဆင့်မှာ ဥရောပအသင်း အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေကြတဲ့ ပွဲစဉ်တွေလည်း ပါဝင်နေကြပါတယ်။ အဲ့ဒီပွဲစဉ်တွေမှာ ပြင်သစ်နဲ့ပိုလန်ပွဲက ပြီးဆုံးသွားခဲ့ပြီး ပြင်သစ်က အနိုင်ရသွားခဲ့သလို မနက်ဖြန်မှာလည်း ပေါ်တူဂီနဲ့ဆွစ်ဇာလန်တို့က ဆက်လက် ယှဉ်ပြိုင်ရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : The Times

ပေါ်တူဂီအသင်းဟာ အုပ်စုတွင်းမှာ ဂါနာ ဥရုဂွေး တောင်ကိုရီးယားတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ရမှတ်(၆)မှတ် အုပ်စုပထမနေရာနဲ့ ရှုံးထွက်ကို တတ်လှမ်းနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် ၂၀၂၂ကမ္ဘာ့ဖလား ပထမဆုံးဂိုးနဲ့ ကစားသမားဘဝအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ခုအတွင်း သွင်းယူနိုင်တဲ့ သွင်းဂိုးပါ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ရော်နယ်လ်ဒိုက ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားရပေမယ့် ဂိုးတွေ မသွင်းယူနိုင်တော့ပဲ ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit : talkSPORT

ဒါပေမယ့် ရော်နယ်လ်ဒိုနဲ့ ပတ်သတ်ပြီး ဆွစ်ဇာလန် ကစားသမားတွေအနေနဲ့ ပေါ့လျော့မှု မရှိစေဖို့အတွက် ဆွစ်ဇာလန် ဝါရင့်ကစားသမားဖြစ်သူ ရှာကွီရီက သတိပေးပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ ရှာကွီရီက “ခင်ဗျား ခရစ္စတီယာနိုကို ဖယ်ရှားထားလို့ မရနိုင်ပါဘူး။ သူက လီယွန်နယ်မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့သူပါ။ ဒီလူက စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဂိုးသွင်းယူနိုင်ပါတယ်။ သူ့မှာ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားပြီး ပေါ်တူဂီအတွက်နဲ့ သူ့အသင်းအတွက် ဘယ်လောက် အရေးကြီးတဲ့သူလည်း ဆိုတာကို လူတိုင်းသိထားကြပါတယ်” လို့ သတိပေးလိုက်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရှာကွီရီက “ရော်နယ်ဒိုတင်မကပဲ တခြားသော ကစားသမားတွေကိုလည်း သတိထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ကြီးမားတဲ့ ခြားနားချက်တွေကို ဖန်တီးနိုင်တဲ့ လူငယ်ကစားသမားတွေ ရှိနေတာကြောင့်ပါ။ နောက်ပြီး ကျွန်တော်တို့အတွက် ဘာမဆို ဖြစ်လာနိုင်တာမို့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြသွားဖို့ လိုအပ်ပါမယ်”လို့ ပြောဆိုလိုက်ပါတယ်။