နတ်ဘုရားကြီးလို့ပါ တင်စားခေါ်ဆိုထားခြင်းခံနေရတဲ့ အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်က လူတွေအားလုံးအနေနဲ့ Covid-19 ဗိုင်းရပ်စ်ပိုး မကူးစက်ရအောင် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်လို့ သတိပေးတိုက်တွန်းပြောဆိုလိုက်ပါတယ်။ မိုဗစ်ကိုုယ်တိုင်လည်း ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရလို့ အသင်းရဲ့ ပြိုင်ပွဲစုံပွဲစဉ်(၄)ပွဲကို လွဲချော်ခဲ့ရပြီး ပြန်လည်ကစားဖြစ်ခဲ့တဲ့ ပွဲစဉ်(၃)ပွဲအတွင်းမှာတော့ မီလန်အသင်းအတွက် သွင်းဂိုး(၄)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အသက်(၃၉)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဆွီဒင်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်က စက်တင်ဘာလနှောင်းပိုင်းလောက်ကပဲ Covid-19 ဗိုင်းရပ်စ်ပိုးကို ကူးစက်ခဲ့ရတာဖြစ်ပြီး အောက်တိုဘာလအတွင်းမှာပဲ ပြန်လည်သက်သာလာနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး မိုဗစ်က “ဗိုင်းရပ်စ်က ကျွန်တော့်ကို စိန်ခေါ်ခဲ့တယ်။ ဒါပေမယ့် ဒါကို ကျွန်တော်အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့အားလုံးက ဇလာတန်မဟုတ်ကြလို့ ဗိုင်းရပ်စ်ကို သွားပြီးမစိန်ခေါ်ပါနဲ့။ ခင်ဗျားတို့ရဲ့ခေါင်းတွေကို အသုံးပြုပါ။ ကိုဗစ်စည်းကမ်းတွေကိုလည်း လိုက်နာကြပါ။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့တွေ သေချာပေါက်နိုင်မှာပါ” လို့ ကိုဗစ်ပညာပေးဗီဒီယိုကနေ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုလည်း ကိုဗစ်ကူးစက်ခံနေရလို့ ဂျုဗင်တပ်စ်အသင်းရဲ့ပွဲစဉ်အများစုကို လွဲချော်ထားခဲ့ရသလို မနေ့ညက ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ကိုဗစ်ကြောင့် ပါဝင်နိုင်ခြင်းမရှိလို့ ဂျုဗင်တပ်စ်အသင်းလည်း အရေးနိမ့်ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်ပိုးအတွက် (၃)ကြိမ်မြောက် စစ်ဆေးခဲ့ရာ (၃)ကြိမ်လုံး Positive ပြနေခဲ့လို့ အသင်းနဲ့ ပွဲစဉ်တွေကို ပါဝင်ဆင်နွဲရခြင်းမရှိပဲ Negative ပြန်ဖြစ်မယ့်အချိန်ထိကို အနားယူလို့နေရပါတယ်။ လက်ရှိမှာ နာမည်ကြီးဘောလုံးသမားတွေ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်လျက်ရှိနေကြပြီး တော်တော်များများက နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်တွေကို ဆင်နွဲရင်းနဲ့ တခြားနိုင်ငံတွေမှာပါ သွားရောက်ကစားရာကနေ ဗိုင်းရပ်စ်ကူးစက်လာကြတာဖြစ်ပါတယ်။ ရော်နယ်ဒိုဆိုရင်လည်း ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးချိန်မှာပဲ ကိုဗစ်ကူးစက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိကတော့ Positive ဖြစ်နေသေးလို့ လာမယ့် Weekend မှာကစားရမယ့် စီးရီးအေပွဲစဉ်ကို လွဲချော်ရဖွယ်ပါ ရှိနေပါတယ်။