မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားလေး လန်နီ ယိုရိုက အသင်းနည်းပြ ရူဘင် အမော်ရင်ရဲ့ ပြင်းထန်သော လေ့ကျင့်ရေး နည်းလမ်းများကို ဖွင့်ဟလာခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ရှင်းလင်းချက်တစ်ခုကိုပါ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယိုရိုက နည်းပြအမော်ရင်လက်အောက် လေ့ကျင့်ရေး အစီအစဉ်များကို ခက်ခဲတယ်လို့ ဖော်ပြခဲ့ပြီး စည်းကမ်းတင်းကျပ်လွန်းတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းဈေးကွက်မှာ ဗီလာအသင်းဆီ ပြောင်းသွားခဲ့ရတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့နဲ့ ဆက်စပ်ပြီးတော့လည်း ဒီလို ဖြစ်လာရတဲ့ အကြောင်းအရင်းတွေကိုလည်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : United in Focus

“ကျွန်တော့်မှာ ရူဘင် အမော်ရင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူခိုင်းတဲ့အတိုင်း လုပ်ဆောင်ဖို့လည်း ကျွန်တော် ကြိုးစားပါတယ်။ သူက ထိပ်တန်းအဆင့်မှာ ကစားတာဖြစ်လို့ ကစားသမားတွေနဲ့ ဆက်ဆံရေးမှာလည်း အရမ်းကောင်းပါတယ်။ သူက ကလပ်အသင်း တော်တော်များများမှာ ရှိခဲ့ပြီဖြစ်လို့ ကစားသမားတစ်ဦး မကစားရတဲ့အခါ ဒါမှမဟုတ် ကောင်းကောင်းမကစားနိုင်တဲ့အခါ သူက ဒီကစားသမားရဲ့ ခံစားချက်ကို သိနေတယ်။”

“သူက ဒီလို ကစားသမားကို ဘယ်လို ပြောဆိုရမလဲဆိုတာ သိနေတယ်။ ဒါက ကျွန်တော့်အတွက် တကယ်ကို အရေးကြီးပါတယ်။ လေ့ကျင့်ရေးမှာဆိုရင် ခက်ခဲတယ်လို့ ပြောနိုင်ပေမယ့် ဒါက အရေးကြီးတယ်။ ကျွန်တော်တို့မှာ လေ့ကျင့်မှုတွေ အများကြီးရှိပြီး သူ့အတွက်လည်း လေ့ကျင့်ရေးက အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ထားသလိုမျိုး ပွဲကို ကစားရတာဖြစ်လို့ပါ။”

Photo Credit : United in Focus

“အရေးအကြီးဆုံးကတော့ လေ့ကျင့်ရေးမှာ တကယ်ကောင်းမွန်နေဖို့ပါပဲ။ လေ့ကျင့်ရေး အစီအစဉ်မှာ အလုပ်မဖြစ်ဘူးဆိုရင် ဒါမှဟုတ် ပျင်းရိနေမယ်ဆိုရင်တော့ သူက ခင်ဗျားကို ကြိုက်မှာ မဟုတ်ဘူး။ သူက ခင်ဗျားကို သတ်လိမ့်မယ်။ ဒါက သာမန်ပါပဲ။”

“ဘာလို့လဲဆိုတော့ ခင်ဗျားက လေ့ကျင့်ထားသလို ကစားရမှာမို့ပါ။ သူက ဒါနဲ့ ပတ်သက်ရင်တော့ တကယ်ကို စည်းကမ်း တင်းကြပ်လွန်းတာဟာ အသင်းက ပွဲတွေအနိုင်ရပြီး ဆုဖလားတွေ ဆွတ်ခူးဖို့အတွက်ရော ကွင်းအပြင်မှာပါ စည်းကမ်းရှိနေဖို့ လိုအပ်တာကြောင့်ပါ။ လေ့ကျင့်ရေးကိုလည်း အချိန်ကိုက် နောက်မကျအောင် လာဖို့လည်း လိုအပ်ပါတယ်။” လို့ ယိုရိုက ရှင်းလင်း ပြောကြားလာခဲ့ပါတယ်။