ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်လီရဲ့ ဗဟိုနောက်ခံလူ ယိုရိုက လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ် ပြင်သသစ် ယူ-၂၁လက်ရွေးစင် ဗဟိုနောက်ခံလူ ယိုရိုက လိုင်လီရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ခံစစ်မှူး ဖြစ်ပြီး သူက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ စတင်ကာ လိုင်လီအတွက် ပါဝင် ကစားခွင့်ရနေသူပါ။

Photo Credit: Standard

ယိုရိုက ၂နှစ်ကျော်ကြာ ကာလအတွင်းမှာ လိုင်လီအတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ်တို့ရဲ့ အဓိက ဗဟိုနောက်ခံလူ ဗာရန်းလက်သစ် အဖြစ် တင်စားခံထားရပါတယ်။

လတ်တလောမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး စတဲ့ အသင်းတွေက ယိုရိုရဲ့ ခြေစွမ်းကို အကဲခတ်နေကြသလို လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ကလည်း ဗာရန်းလက်သစ်လို့ နာမည်ကြီးနေတဲ့ ယိုရိုကို ခေါ်ယူချင်နေပါတယ်။

Photo Credit: 90 Min

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယိုရိုကို သူတို့ရဲ့ နွေရာသီပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် ယိုရိုကတော့ သူ့ရဲ့အသင်းသစ် အဖြစ် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ထားပြီး ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်ကြောင်းအား လိုင်လီရဲ့ တာဝန်ရှိသူတွေထံ အသိပေးထားတယ်လို့ သိရှိရပါတယ်။

ယိုရိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဆက်ဆံရေးဟာ သိပ်မကောင်းပေမယ့် ယိုရို ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ရီးရဲလ်မက်ဒရစ်က လိုင်လီနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိတာနဲ့ ယိုရိုကို ခေါ်ယူနိုင်ဖို့ ရှိနေကာ လိုင်လီကတော့ ယိုရိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား တောင်းဆိုဖွယ် ရှိပါတယ်။