ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ဒွိုက်ယော့ခ်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ အတွက် လာမယ့် နွေဈေးကွက်မှာ တိုက်စစ်မှူးဟောင်း ရိုမီလု လူကာကူကို ပြန်ခေါ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ဒွိုက်ယော့ခ်ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ သွင်းဂိုးတွေ ရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ အသင်း ဖြစ်ပြီး ယူနိုက်တက်က သူတို့အသင်းမှာ ဟွိုက်လန်း ၊ မာရှယ် စတဲ့ တိုက်စစ်မှူး ၂ဦးကို ပိုင်ဆိုင်ထားပေမယ့် မာရှယ်က ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူနေရပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်း တဦးထဲကိုသာ အားပြု သုံးစွဲနေရသလို မာရှယ်ကလည်း ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ရှိနေတာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းအတွက် တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားကြပါတယ်။

ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တိုက်စစ်မှူးသစ် ခေါ်ယူဖို့ စဉ်းစားထားပေမယ့် ဟွိုက်လန်းကို လမ်းပြပေးမယ့် ဝါရင့် တိုက်စစ်မှူးကို ခေါ်ယူရမလား ၊ ဒါမှမဟုတ် ဟွိုက်လန်းရဲ့ အရန်အဖြစ် ကစားပေးမယ့် လူငယ်တိုက်စစ်မှူးကို ခေါ်ရမလား ဆိုတာ သေချာ မဆုံးဖြတ်ရသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဒွိုက်ယော့ခ်ကတော့ လူကာကူဟာ အသက်အရွယ်အရ အကောင်းဆုံးအရွယ်ကို ရောက်နေသလို တရာသီကို သွင်းဂိုး ၁၅ဂိုး ၊ ဂိုး ၂၀လောက် သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်တာကြောင့် ယူနိုက်တက်ဟာ လူကာကူကို ပြန်လည် ခေါ်ယူသင့်ကြောင်း ထောက်ပြ အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Express

ဒွိုက်ယော့ခ်က – “လူကာကူက အခုချိန်အထိ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း ၆သင်းမှာ ကစားနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားဆဲပါ။ ကျွန်တော်ကတော့ ယူနိုက်တက် (သို့) စပါးက လူကာကူကို အငှားနဲ့ ခေါ်ယူသင့်တယ်လို့ ထင်ပါတယ်။ သူတို့က လူကာကူရဲ့ လုပ်ခလစာ အများအပြားကို စိုက်ပေးမယ် ဆိုရင် အငှားနဲ့ ခေါ်လို့ ရလောက်ပါတယ်။ လူကာကူက ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူး ဆိုတာ လူတိုင်း သိကြပါတယ်။ သူက သူ့ရဲ့ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုကို မရထားရုံပါပဲ။ ခင်ဗျားကသာ လူကာကူကို အသင်းအတွက် ခွန်အားအပြည့်နဲ့ ကစားပေးဖို့ စည်းရုံးနိုင်ခဲ့မယ် ဆိုရင် သူက အသင်းအတွက် နိုင်ပွဲတွေနဲ့ သွင်းဂိုးတွေ အများကြီးကို ယူပေးပါလိမ့်မယ်။ ယူနိုက်တက်က ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးစွဲပြီး ဟွိုက်လန်းကို ခေါ်ယူထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့က ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ချင်ရင် လူကာကူလို တရာသီကို အနည်းဆုံး ၁၅ဂိုး ၊ ဂိုး ၂၀လောက် သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူးမျိုးကို လိုအပ်ပါတယ်။ လူကာကူလို တိုက်စစ်မှူးမျိုးဟာ ဒီနေ့ခေတ် ဈေးကွက်ထဲမှာ ရှားသွားပါပြီ။ လူကာကူ အသက် ၃၀ အရွယ်သာ ရှိသေးသလို သူ့ရဲ့ အရည်အသွေးကို သက်သေပြထားတဲ့ ဂိုးသွင်းစက်ပါ။ ဒါကြောင့် သူ့ကို အငှားနဲ့ ခေါ်ယူနိုင်တဲ့ ဘယ်အသင်းမဆို တကယ်ကောင်းတဲ့ အပြောင်းအရွှေ့ကို လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး တိုက်တွန်း အကြံပေးသွားခဲ့တာပါ။

လက်ရှိမှာတော့ လူကာကူက ချယ်လ်ဆီးကနေ ရိုးမားဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားနေပြီး လူကာကူက ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပေမယ့် ချယ်လ်ဆီးကတော့ လူကာကူကို လာမယ့် နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။