အောင်သူလို့ ပြောလိုက်တာနဲ့ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး ၊ ခပ်အေးအေး နေတတ်ပြီးတော့ ထိုင်းလိဂ်မှာတောင် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမားဆိုတာကို ပရိသတ်တွေ အားလုံးလည်း သိရှိကြမှာပါ။ အောင်သူဟာ မြန်မာ ယူ-၁၉ အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ထိုင်းလိဂ် ၁ အသင်းတွေ ဖြစ်တဲ့ Police Tero နဲ့ Muangthong United အသင်းတို့မှာ ကစားခဲ့ဖူးကာ ထိုင်းလိဂ်၁ မှာ ပုံမှန်ခြေစွမ်းကောင်း ရရှိတဲ့ အထိ သွင်းဂိုးတွေ သွင်းယူခဲ့သူပါ။ လက်ရှိ MNL ဘောလုံးရာသီ အစမှာတော့ အောင်သူဟာ Muangthaung United အသင်းကနေ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ရတနာပုံအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီး ကျောနံပါတ် ၉၉ကို ဝတ်ဆင် ကစားနေပါတယ်။

Photo Credit: Football Tribe

အောင်သူရဲ့ ရတနာပုံအသင်းဟာ လက်ရှိ MNL ရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရသလို အောင်သူဟာလည်း အသင်းနဲ့အတူ အထိုင်ကျဖို့ ကြိုးစားနေရပါတယ်။ ယမန်နေ့မှာ ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ ရခိုင်အသင်းတို့ ပွဲစဉ်မှာတော့ အောင်သူဟာ သူ့ရဲ့ အသင်းဖော် တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်နဲ့ ပြဿနာ တက်ခဲ့ပြီး ရုပ်သံဖိုင်တွေ အရတော့ အောင်သူဟာ အဝေးကန်ချက်ကနေ တဆင့် ဂိုးသွင်းယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကန်ချက် ဟာ ဂိုးပေါက်နဲ့ လွဲချော်သွားချိန် မှာတော့ ရဲရင့်အောင် ဟာ အောင်သူကို အဝေးကနေ ပြစ်တင် ကြိမ်းမောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရုပ်သံဖိုင် အရ ရဲရင့်အောင် ပြောဆိုခဲ့တဲ့ စကားတွေကို မကြားရပေမယ့် ကွင်းလယ်ဒိုင်ဟာ ရဲရင့်အောင် ကို ခေါ်ယူကာ သတိပေးခဲ့တာကြောင့် အောင်သူဟာ ရဲရင့်အောင်ရဲ့ ဆဲဆိုခြင်းကို ခံခဲ့ရတယ်လို့ ယူဆရပါတယ်။

Photo Credit: Football Tribe

ရဲရင့်အောင်ရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီးတဲ့ နောက်မှာတော့​ အောင်သူဟာ သူ့ကို လူစားလဲပေးဖို့ အရန်ခုံတန်းဆီ တောင်းဆိုမှု ပြုလုပ်သွားခဲ့ပြီး ရတနာပုံအသင်းရဲ့ အသင်းခေါင်းဆောင် လှိုင်းဘိုဘိုဟာ အောင်သူကို ဖျောင်းဖျပြောဆိုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါပွဲစဥ် ပြီးဆုံးချိန်မှာတော့ အောင်သူဟာ သူ့ရဲ့ Facebook စာမျက်နှာကနေ တဆင့် ” စေတနာနဲ့ မတန်ပါဘူး… နောက်ဆုံးပါပဲ ” လို့ ရေးတင် သွားခဲ့ပြီး လက်ရှိမှာတော့ အောင်သူဟာ ရတနာပုံအသင်းကို စွန့်ခွာသွားတော့မှာလား ဆိုပြီး စိတ်ပူနေကြတဲ့ ရတနာပုံ ပရိသတ်တွေ ရှိနေပါတယ်။ ဘောလုံးလောကမှာ အသင်းဖော်တွေ တစ်ဦးနဲ့တစ်ဦး အချင်းများတာဟာ ဖြစ်တတ်ပေမယ့် အသင်းဖော် တစ်ဦး ဂိုးပေါက်ကန်သွင်းဖို့ ကြိုးစားမှု လွဲချော်သွားတာကို အပြစ်တင်တဲ့ ရဲရင့်အောင်ရဲ့ အပြုအမူကတော့ တကယ်ကို လက်မခံချင်စရာပါပဲ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ရတနာပုံအသင်းဘက်က ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲဆိုတာ မသိရသေးပေမယ့် ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ကစားသမား သိန်းသန်းဝင်း ကတော့ အောင်သူကို ရန်ကုန် ယူနိုက်တက်အသင်းထံ လာရောက် ကစားဖို့ အရိပ်အမြွက် စကားတွေ ပြောကြားခဲ့တာကိုလည်း အောင်သူရဲ့ Facebook စာမျက်နှာမှာ မြင်တွေ့ထားရပါတယ်။