မကြာခင်မှာ ပြန်လည်စတင် ကျင်းပသွားတော့မယ့် ၂၀၂၂ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ကစားသမား အင်အားဖြည့်တင်းမှုအနေနဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကျော်မင်းဦးနဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဘုန်းသစ္စာမင်းတို့ နှစ်ဦးကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တရားဝင် Facebook စာမျက်နှာပေါ်ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Yangon United Facebook

အသက်(၂၄)နှစ်အရွှယ်ရှိ ဂိုးသမား ဘုန်းသစ္စာမင်းဟာ ရန်ကုန်ဇာတိဖြစ်ပြီး နေပြည်တော် ဘောလုံးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သလို ရှမ်းယူနိုက်တက် လူငယ်အသင်းမှာ စတင်ပါဝင်ကစားခဲ့ရင်းနဲ့ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာပဲ ရှမ်းယူနိုက်တက် စီနီယာအသင်းကြီးအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ဘုန်းသစ္စာမင်းဟာ ၂၀၁၉ခုနှစ်နဲ့ ၂၀၂ဝခုနှစ်များမှာ ရှမ်းအသင်းနဲ့အတူ ကွင်းဖွင့်ဖလားနဲ့ မြန်မာနေရှင်နယ်လိဂ်ဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး လက်ရှိမှာတော့ ဇာတိကလပ် ရန်ကုန်အသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Yangon United Facebook

ဒဏ်ရာပြသာနာတွေကြောင့် မြက်ခင်းစိမ်းနဲ့ ဝေးကွာနေခဲ့ရတဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ရန်ကုန်ကစားသမားဟောင်း ကျော်မင်းဦးကိုလည်း လက်ရှိမှာ သူရဲ့ ကလပ်အသင်းဟောင်းက ရာသီကုန်စာချုပ်နဲ့ ပြန်လည်ခေါ်ယူသွားခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ကျော်မင်းဦးဟာ ၂၀၁၄ခုနှစ်ကနေ စတင်ပြီး ဧရာဝတီယူနိုက်တက်အသင်းအတွက် (၂)ရာသီကြာ ပါဝင်ကစားခဲ့ရင်း ၂၀၁၅ခုနှစ်မှာ အသင်းနဲ့အတူ ပြည်တွင်းရှုံးထွက်ဖလားကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ခုနှစ်မှာ ရန်ကုန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ကျော်မင်းဦးဟာ ရန်ကုန်နဲ့ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ဖူးသလို ၂၀၁၅ခုနှစ်တုန်းကလည်း ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ ယူ-၂၀ ကိုယ်စားပြုအဖြစ် ပါဝင်ဆင်နွဲခွင့် ရရှိခဲ့ပါသေးတယ်။ ပဲခူးဇာတိဖြစ်တဲ့ ကျော်မင်းဦးဟာ အခုဆိုရင်တော့ သူရဲ့ကလပ်အသင်းဟောင်း ရန်ကုန်နဲ့ ဒုတိယအကြိမ်အဖြစ် ပြန်လည်လက်တွဲခဲ့ရပြီဖြစ်ပြီး သူရဲ့ ကစားသမားဘဝကိုလည်း ပြန်လည်တည်ဆောက်နိုင်မယ့် အခွင့်အရေးတွေကိုလည်း ပိုင်ဆိုင်ထားနေပြီ ဖြစ်ပါတယ်။