မြန်မာ နေရှင်နယ်လိဂ်ကလပ် ရန်ကုန် ယူနိုက်တက်အသင်းကတော့ AFC Cup ပြိုင်ပွဲရဲ့ Preliminary round 2 ပွဲစဉ်မှာ ဘရူနိုင်းကလပ် DPMM အသင်းကို (2-1) နဲ့ အနိုင်ကစားပြီး ပလေးအော့အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ရန်ကုန် ယူနိုက်တက်အသင်းက လာမယ့် ပလေးအော့အဆင့်မှာတော့ အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။ ဒီပွဲစဉ်ကိုတော့ (၂၃)ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမှာ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး ဒီပွဲ အနိုင်ရရင်တော့ အုပ်စုအဆင့် ဆင်နွဲရပါတော့မယ်။

Photo Credit : Yangon United Football Club Facebook

ဘရူနိုင်းကလပ် DPMM အသင်းနဲ့ ပွဲစဉ်အပြီးမှာ ရန်ကုန်အသင်း နည်းပြချုပ် ဂတ်ဇီက “အသင်းကစားပုံနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ ပရိသတ်တွေအများကြီး လာရောက် အားပေးကြတဲ့အတွက် တကယ်ကို ပျော်မိပါတယ်။ လာရောက် အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“ပရိသတ်အားပေးမှုမပါဘဲနဲ့ ပွဲကို နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လာမယ့် ဘာလီမှာကစားမယ့် PSM Makassar နဲ့ ပွဲမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Yangon United Football Club Facebook

ရန်ကုန် ယူနိုက်တက်အသင်းက ၂၀၁၂ခုနှစ်ကနေ စတင်ပြီး AFC Cup ပြိုင်ပွဲကို (၇)ကြိမ်အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးကာ (၁၆)သင်း ရှုံးထွက်အဆင့်ကို (၂)ကြိမ် တက်လှမ်းခဲ့ဖူးသလို အခု ပုံစံအသစ်နဲ့ ပြောင်းလဲ ကျင်းပနေချိန်မှာလည်း Zonal semi-final ကို (၁)ကြိမ် တက်လှမ်းထားခဲ့ပါတယ်။

လက်ရှိ ရန်ကုန်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် PSM အသင်းက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အင်ဒိုနီးရှား အမှတ်ပေးလိဂ်ရဲ့ ချန်ပီယံအသင်း ဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ အမှတ်ပေးပွဲ (၈)ပွဲ ကစားထားပြီးချိန်မှာတောင် ရမှတ် (၁၁)မှတ်သာ ရထားသေးပြီး အဆင့် (၁၂)နေရာထိ ရောက်ရှိနေပါတယ်။ ရန်ကုန်အနေနဲ့ PSM ကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အုပ်စုအဆင့်ကို (၈)ကြိမ်မြောက်အဖြစ် ရောက်ရှိနိုင်မှာ ဖြစ်ပြီး နေရှင်နယ်လိဂ်မှာ ချန်ပီယံ ဖြစ်ထားတဲ့ ရှမ်း ယူနိုက်တက်ကတော့ အုပ်စုအဆင့်ကနေ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source – Yangon United Football Club Facebook