MySport Myanmar

အယ်လ်ကလက်စီကိုပွဲ မတိုင်မီ အမေက သူ့ကို လမ်းပြပေးခဲ့တယ်လို့ ယာမယ်လ် ဖွင့်ဟ

ဘာစီလိုနာအသင်းက အရေးပါလှတဲ့ အယ်လ်ကလက်စီကို ထိပ်တိုက်တွေ့ဆုံမှုမှာ ရီးယဲလ် မက်ဒရစ်ကို အသာစီးနဲ့ အနိုင်ရခဲ့ရာမှာ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်က နောက်တစ်ကြိမ် ထပ်မံ တောက်ပခဲ့ပါတယ်။ ဒီရာသီကုန်ဖို့ ပွဲစဉ်(၃)ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ကတ်တလန်ဘီလူးတွေဟာ သူတို့ရဲ့အဓိကပြိုင်ဘက် ရီးယဲလ်ကို လာလီဂါ အမှတ်ပေးဇယားထိပ်မှာ (၇)မှတ်အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။

တကယ်လို့ ဘာစီလိုနာအသင်းသာ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းကို အနိုင်ရခဲ့မယ်ဆိုရင် နည်းပြ ဟန်ဆီ ဖလစ်ခ်အတွက် ပွဲဦးထွက်ရာသီ လာလီဂါချန်ပီယံဆုကို မေလ (၁၅)ရက်နေ့လောက်မှာပင် စောစီးစွာ ဆွတ်ခူးသွားနိုင်ဖွယ် ရှိနေပါတယ်။ အင်တာမီလန်ကို ဆန်စီရိုကွင်းမှာ နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ရှုံးနိမ့်ကာ ရက်လယ်ပိုင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ဘာစီလိုနာအသင်းဟာ အယ်လ်ကလက်စီကိုပွဲမှာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ပြန်လာနိုင်ခဲ့တာကို ပြသခဲ့ပါတယ်။

Photo Credit : Get Spanish Football News

လာမင်း ယာမယ်လ်ဟာ အဆိုပါ ပြိုင်ဘက်နှစ်သင်းစလုံးနဲ့ ပွဲတွေမှာ အသင်းအတွက် (၂)ဂိုးရှုံးနေရာကနေ ပြန်လာနိုင်အောင် တွန်းအားပေးခဲ့သလို ပွဲစဉ်တိုင်းမှာလည်း ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဒီ ဆယ်ကျော်သက် ကြယ်ပွင့်လေးဟာ ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ စုစုပေါင်း (၁၅)ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ်။

မီလန်မြို့မှာ အခြေအနေ အမျိုးမျိုးနဲ့ ရှုံးနိမ့်ခဲ့မှုက ဘာစီလိုနာအသင်းကို ပြင်းထန်စွာ ထိခိုက်စေခဲ့ရပါတယ်။ အထူးသဖြင့် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့ဘက်ကို နစ်နာစေခဲ့တဲ့ ဒိုင်လူကြီး ဆုံးဖြတ်ချက် အများအပြားအပေါ် စိတ်ပျက်ခဲ့ရပြီး ဒါက အသင်းရဲ့ ဖလား(၃)လုံး Treble မျှော်လင့်ချက်ကိုလည်း အဆုံးသတ်စေခဲ့ပါတယ်။ ဘာစီလိုနာမြို့ကို ပြန်လည် ရောက်ရှိပြီးနောက်မှာတော့ ယာမယ်လ်က ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ရဖို့ အချိန်မီ သူ့ကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေခဲ့တဲ့ မိခင်ဖြစ်သူနဲ့ ပြောခဲ့တဲ့ စကားဝိုင်းတစ်ခုအကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : FC Barcelona

“နောက်ဆုံးတော့ ကျွန်တော် အမေ့ကို ‘ချန်ပီယံလိဂ်က နှစ်တိုင်းလာနေမှာပဲလေ။ ကျွန်တော်တို့တွေ ဆက်ပြီး ကြိုးစားသွားကြမှာပေါ့၊ ဒါပေမဲ့ ဒီနေ့ အနိုင်ရဖို့က အရမ်းအရေးကြီးတယ်။ ဒါမှ လိဂ်ချန်ပီယံဆုနဲ့ ပိုပြီး နီးစပ်သွားမှာ’ လို့ ပြောခဲ့တယ်။ ဒါက အမှတ်ပေးဇယားမှာ သိသိသာသာ အသာစီးရယူနိုင်ဖို့ အရမ်းအရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အခုလိုအနိုင်ရဖို့က အလွန်အရေးပါတယ်။ အထူးသဖြင့် ရီးယဲလ် မက်ဒရစ်လိုအသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲမှာဆို ပိုတောင် အရေးကြီးပါသေးတယ်။ ဒီနေ့ကတော့ အောင်ပွဲခံပြီး ပျော်ရွှင်ရမယ့်အချိန်ပါပဲ။” လို့ ယာမယ်လ်က Mundo Deportivo သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

ယာမယ်လ်ဟာ ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းအတွက် ကြယ်တစ်ပွင်ု့ဖြစ်လာတဲ့ သူ့ရဲ့ခရီးလမ်းမှာ မိခင်ဖြစ်သူ ရှီလာ အီဘာနာက အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာကို အမြဲတစေ ပြောလေ့ရှိပါတယ်။ မိသားစုဟာ သူ့ဘဝရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး မာတာရိုမြို့ရဲ့ လူမျိုးစုံ စုပေါင်းနေထိုင်ရာ ရိုကာဖွန်ဒါ ရပ်ကွက်မှာ ကြီးပြင်းခဲ့ရတဲ့ သူ့ရဲ့ဘဝနောက်ခံကိုလည်း ယာမယ်လ်က အလွန်ပဲ ဂုဏ်ယူလေ့ရှိကြောင်း သိရပါတယ်။

Exit mobile version