MySport Myanmar

ချန်ပီယံလိဂ် ပကျော့ပွဲမှာ (0-1) နဲ့ အနိုင်ရသွားမယ်လို့ ယာမယ်လ် ဟောကိန်းထုတ်

ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ကစားသမားလေး လာမင်း ယာမယ်လ်က ဒီကြားရက် ပဲရစ်မြို့တွင် ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲစဉ်မှာ သူတို့အသင်းက ရလဒ်ကောင်းတစ်ခု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်စွာနဲ့ ပြောဆိုလာခဲ့ပါတယ်။

နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် အသက် (၁၆)နှစ်အရွယ် ညာတောင်ပံ ကစားသမားလေး ယာမယ်လ်ဟာ အခုဆိုရင်တော့ ကစားသမားဘဝရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်ကို ဆင်နွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : UEFA

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက ဘာစီလိုနာ စီနီယာ အသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့တဲ့ ယာမယ်လ်ဟာ အခုဆိုရင်တော့ နည်းပြဇာဗီ လက်ထက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲတိုင်းလိုလို ပါဝင်ကစားနေရပါတယ်။

အသက်အရွယ်က အရမ်းငယ်ရွယ်သေးပေမယ့် တကယ့်ကို အရည်အသွေး ပြည့်ဝလွန်းတဲ့ ကစားသမားလေးဖြစ်လို့ အချိန်တိုလေးအတွင်းမှာပဲ အသင်းရဲ့ အမာခံ ကစားသမားတစ်ဦး ဖြစ်လာသလို သူရဲ့ ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်ဟာလည်း (၆)ဂိုးအထိတောင် ရှိလာခဲ့ရပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂိုးမသွင်းဖူးသေးတဲ့ ယာမယ်လ်က ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်နဲ့ ပတ်သက်ပြီး “ကျွန်တော့် ကစားသမားဘဝရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအတွက် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပါတယ်။ ဒီပွဲအကြောင်းကို တွေးမိလိုက်တိုင်း ရူးသွပ်လောက်စရာ စိတ်ခံစားချက်တွေ ဖြစ်လာတယ်။”

“ကျွန်တော့် အထင်အမြင်အရ ပြောရမယ်ဆိုရင် ပဲရစ်မှာ ကစားမယ့်ပွဲမှာ ကျွန်တော်တို့အသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါလိမ့်မယ်။ အဲ့ဒီတစ်ဂိုးကို ဘယ်သူက သွင်းယူမလဲဆိုရင်တော့ ကျွန်တော်ပေါ့။” လို့ ယုံကြည်ချက်ရှိရှိနဲ့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version