MySport Myanmar

ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ယာမဲလ် ကြုံးဝါး

စပိန်လက်ရွေးစင်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမား လာမင် ယာမဲလ်က ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲမှာ ခရိုအေးရှားလို အသင်းမျိုးကို (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းက ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

ယူရို-၂၀၂၄ပြိုင်ပွဲမှာ ခရိုအေးရှား အီတလီ အယ်လ်ဘေးနီးယားတို့နဲ့အတူ အုပ်စုကျပ်ထဲမှာ အတူကျရောက်နေတဲ့ စပိန်က အုပ်စုအဖွင့်ပွဲအဖြစ် ခရိုအေးရှားနဲ့ ရင်ဆိုင်ခဲ့ရပြီး (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။ စပိန်ဟာ အဲ့ဒီ (၃)ဂိုးကိုလည်း ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ သွင်းယူနိုင်တာခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Squawka_Live

စပိန်က အဲ့ဒီပွဲစဉ်မှာ ရိုဒရီ မိုရာတာ ယာမဲလ် နီကိုဝီလီယံစ် ဖာဘီယန်ရုဇ် ကာဗာဟယ်လ် ပတ်ဒရီတို့နဲ့ ပွဲထွက်လာခဲ့ပြီး ခရိုအေးရှားဘက်မှာလည်း မိုဒရစ် ကိုဗာဆစ် ဂါဗာဒီယော့ ဘရိုဇိုဗစ်တို့ ပါဝင်လာခဲ့ပါတယ်။ စပိန်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ (၁၆)နှစ်သားလေး ယာမဲလ်ကတော့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ်ပါ စံချိန်ရေးထိုးနိုင်ခဲ့ပါသေးတယ်။

စပိန်အသင်းဟာ ခရိုအေးရှားအသင်းကို ပထမပိုင်းမှာပဲ (၃)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး စပိန်အတွက် တတိယမြောက်ဂိုးကို ဝါရင့်ခံစစ်မှူးကြီး ဒန်နီ ကာဗာဟယ်လ်က သွင်းယူခဲ့သလို အဲ့ဒီဂိုးကိုလည်း ယာမဲလ်က ဖန်တီးပေးခဲ့တာဖြစ်လို့ ယူရိုပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးဖန်တီးနိုင်သူ အဖြစ်နဲ့ပါ စံချိန်နောက်တစ်ခု ရရှိခဲ့ပါသေးတယ်။

Photo Credit : Managing Barca

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး ယာမဲလ်က “ကျွန်တော်တို့အသင်းက ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ကစားခဲ့ပါတယ်။ ကျွန်တော်တို့က ထိရောက်မှုရှိတဲ့ အသင်းမျိုး ဖြစ်ခဲ့ပြီး ဒီလိုမျိုးဖြစ်လာအောင် ကျွန်တော်တို့က လနဲ့ချီအောင် ကြိုးစားထားတာတွေကို ဒီပွဲမှာ ကျွန်တော်တို့ အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့က လိုင်းတွေကြားမှာ ကောင်းကောင်း ကစားချင်ခဲ့ပါတယ်။”

“အသင်းအတွက်ကိုလည်း ဘာပဲလုပ်ပေးရလုပ်ပေးရ ကျွန်တော်ကတော့ လုပ်ပေးသွားမှာပါ။” လို့ ပြောဆိုသွားခဲ့သလို သူရဲ့ ဖန်တီးမှုကို အဆုံးသတ်သွားနိုင်ခဲ့တဲ့ ကာဗာဟယ်လ်ကိုလည်း သူရဲ့ကစားပုံက တကယ့်ကို အံ့ခမန်းပဲလို့ပါ မှတ်ချက်ပြုသွားခဲ့ပါသေးတယ်။

Exit mobile version