MySport Myanmar

စာချုပ်သစ် ချုပ်ဆိုပြီးရင် ကျောနံပါတ်(၁၀) ဝတ်ဆင်ရတော့မယ့် ယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကြယ်ပွင့် တောင်ပံကစားသမားလေး လာမင်း ယာမယ်လ်ဟာ ဒီနွေရာသီမှာ ကတ်တလန်ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးတာနဲ့ အသင်းရဲ့ ဂန္တဝင် ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်တော့မှာဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။

အသက်(၁၇)နှစ်သာ ရှိနေသေးတဲ့ စပိန်လက်ရွေးစင် ဆယ်ကျော်သက် ကစားသမားလေး ယာမယ်လ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အသင်းနဲ့အတူ ပြည်တွင်းဖလားသုံးလုံး အောင်မြင်မှု (domestic treble)ကို ရယူနိုင်ခဲ့သလို ပြိုင်ပွဲစုံ (၅၄)ပွဲကစား (၁၈)ဂိုးသွင်းကာ (၂၅)ဂိုးအထိ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : CNN

လာမာစီယာ လူငယ်အကယ်ဒမီထွက် ယာမယ်လ်ဟာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်လက်အောက် အသက်(၁၅)နှစ်အရွယ်မှာပဲ ဘာစီလိုနာ စီနီယာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး လက်ရှိနည်းပြ ဟန်ဆီ ဖလစ်ရဲ့ လေ့ကျင့်မှုအောက်မှာတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ပြောင်းလဲတိုးတက်လာကာ ၂၀၂၅ ခုနှစ် ဘောလွန်းဒေါဆုအတွက်တောင် ရေပန်းအစားဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ (၁၈)လတာ ကာလအတွင်း ယာမယ်လ်ကို ဘာလွန်းဒေါဆုကို (၈)ကြိမ်တိုင်တိုင် ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာ ဂန္တဝင်ကစားသမားဟောင်း လီယွန်နယ် မက်ဆီရဲ့ အရိုက်အရာ ဆက်ခံနိုင်မယ့်သူအဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။ Memorabilia1899.co ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အခုဆိုရင် ဒီဆယ်ကျော်သက်ကြယ်ပွင့်လေးကို အာဂျင်တီးနား ဂန္တဝင်ကစားသမားရဲ့ နာမည်ကျော် ကျောနံပါတ်(၁၀) ဂျာစီကို ပေးအပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

Photo Credit : News9 Live

ဒီကျောနံပါတ်ကို လက်ရှိမှာတော့ အန်ဆု ဖာတီက ဝတ်ဆင်ထားတာ ဖြစ်သလို ဖာတီကို မက်ဆီရဲ့ မူလဆက်ခံသူအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် ကံမကောင်းစွာပဲ သူ့ရဲ့အချိန်မတိုင်မီ ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ကတ်တလန်ကလပ်မှာ သူ့ရဲ့နေရာက အများကြီးအောက်ကို ရောက်သွားခဲ့ပြီး အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ယာမယ်လ် အသက်(၁၈)နှစ်ပြည့်တာနဲ့ သူ့ကို အသင်းမှာ နှစ်ရှည်စာချုပ်နဲ့ ချည်နှောင်ထားဖို့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။ အသင်းဥက္ကဌ ဂျိုအန် လာပေါ်တာ ဦးဆောင်တဲ့ ကတ်တလန်အသင်းဟာ ၂၀၁၇ ခုနှစ်က နေမာနဲ့ ဖြစ်ပွားခဲ့သလိုမျိုး မလိုလားအပ်တဲ့ အပြောင်းအရွှေ့ရှုပ်ထွေးမှုတွေကို ရှောင်ရှားလိုတာကြောင့် စာချုပ်ပါ လျော်ကြေးအဖြစ် ယူရို (၁)ဘီလီယံဆိုတဲ့ အလွန်များပြားလွန်းတဲ့ ပမာဏကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Exit mobile version